Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် အပါအဝင် ၁၂၉ ဦး ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိထားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် ဖက်ခါဆမ်လမ်းပေါ်မှာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦးနှင့် ကလေး ၁၁ ဦး လိုက်ပါလာသော ကုန်တင်ကားတစ်စီး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံသားများကို ရတ်ချဘူရီကနေ ထက်ရိုင်ခရိုင်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုကူးမှုနှင့် တရားစွဲခံထားရပြီး ဖမ်းခံထားရသူများကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့သွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် မဲဆောက်ခရိုင် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားအတွက် လုံခြုံရေးယူထားသော ထိုင်းစစ်တပ်က တံတားပတ်ဝန်းကျင်ကို စစ်ဆေးစဉ် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးရ ရှိခဲ့သည်။

ဖမ်းဆီးရရှိသော တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ပါဝင်ပြီး သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးရရှိသော မြန်မာများကို မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထားပြီး တရားမဝင် နယ်စပ်ဖြတ်မှုဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ