Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - မလေးရှားကိုသွားရန် ရခိုင်ပြည် တောင်ကုတ်မြို့ကနေ ရန်ကုန်တက်လာသည့် အထောက်အထားမဲ့ မွတ်ဆလင်များအား ဖမ်းမိသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ အကျဉ်းသားများ၊ အမျိုးသမီးများ အပါအဝင် မွတ်ဆလင် ၉၃၆ ဦးကို ရခိုင်ပြည် စစ်တွေမြို့သို့ အာဏာသိမ်း စစ်ကောင်စီက ပို့ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောသည်။

စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် မွတ်ဆလင် ၉၃၆ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းက စ၍ အင်းစိန်အကျဉ်းထောင်ကနေ ခေါ်ထုတ်ပြီး စစ်တွေမြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

မွတ်ဆလင် အကျဉ်းသား ၉၃၆ ဦးထဲတွင် လွတ်ရက်စေ့အကျဉ်းသား ၁၈ ဦး အပါအဝင် အမျိုးသား ၅၈၄ ဦး၊ အမျိုးသမီး ၂၆၇ ဦးနှင့် ကလေး ၆၇ ဦးတို့ ပါဝင်ကြောင်း သိရသည်။

စစ်တွေမြို့သို့ ပို့ဆောင်ခံရသော မွတ်ဆလင်အကျဉ်းသားများမှာ လူသားဒိုင်းကာအဖြစ် စစ်မြေပြင်တွင် အသုံးပြုခံရနိုင်ကြောင်း PPNM က ပြောသည်။

“လက်ရှိတွင် ရခိုင်ပြည်နယ်တွင် စစ်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ စစ်ရေးရှုံးနှိမ့်‌နေချိန် ခေါ်ဆောင်ခြင်းခံရသည့် ရိုဟင်ဂျာများသည် အရှေ့တန်းစစ်မြေပြင်တွင် လူသားတံတိုင်းအဖြစ် အသုံးချခံရနိုင်မည့် အခြေအနေများဖြင့် ရင်ဆိုင်ရနိုင်ကြောင်း လူသားချင်းစာနာစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်” ဟု PPNM က ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့သည် အဆိုပါ မွတ်ဆလင်များကို အင်းစိန်အကျဉ်းထောင်ကနေ Express ခရီးသည်တင်ယာဉ်များဖြင့် ခေါ်ထုတ်ကာ စစ်တွေမြို့သို့ ရေကြောင်းကနေတစ်ဆင့် ပို့ဆောင်ခဲ့သည်။

ယခု စစ်တွေမြို့သို့ ပို့ဆောင်ခြင်းခံ ရသော မွတ်ဆလင်အကျဉ်းသားများမှာ အင်းစိန်အကျဉ်းထောင်ကပဲ မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်များမှ မွတ်ဆလင်များကို စစ်ကောင်စီက အင်းစိန်ထောင်သို့ ပို့ဆောင်ကာ ယင်းမှတစ်ဆင့် စုပေါင်း ပို့ဆောင်ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေမြို့သို့ ပို့ဆောင်လိုက်သော မွတ်ဆလင် အကျဉ်းသား ၉၃၆ ဦးကို အထောက်အထားကဒ် တစ်ခုခု ပြုလုပ်ပေးထားပြီး မည်သည့်ကဒ်အမျိုးအစား ဖြစ်သည်ကို PPNM က ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝှမ်းရှိ မွတ်ဆလင်အကျဉ်းသားများမှာ လွတ်ရက်စေ့ကာလ ကြာမြင့်သည့်တိုင်အောင် မလွတ်ကြသည့်အပြင် တစ်နှစ်ခွဲကျော်ကြာသည်အထိ အကျဉ်းထောင်အတွင်း ထပ်မံချုပ်နှောင်ခံထားရကြောင်း PPNM က ပြောသည်။

စစ်မြေပြင် ရှေ့တန်းသို့ ပို့ဆောင်ခြင်း ခံရနိုင်သော မွတ်ဆလင်အကျဉ်းသားများနှင့် ပတ်သက်ပြီး ဆက်လက်စောင့်ကြည့်နေကြောင်းလည်း PPNM က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်စစ်မြေပြင်တွင် ထောင်နှင့်ချီသော မွတ်ဆလင်များကို စစ်သားအဖြစ်စုဆောင်းကာ တိုက်ပွဲဝင်ခိုင်းပြီး အာရက္ခတပ်တော် AA အား တိုက်ခိုင်းနေကြောင်း Western News ၏ စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်နှင့် မောင်တောဒေသက မွတ်ဆလင်များကို အထူးသဖြင့် ဒုက္ခသည်စခန်းမှ မွတ်ဆလင်များကို ငွေဖြင့်မက်လုံးပေးပြီး အဓိက စုဆောင်းခဲ့သည်ဟု သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ