Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(အကျဉ်းထောင်အတွင်း မည်သည့်ရောဂါမဆို ဆေးတစ်မျိုးပေးသည်)

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည် စစ်တွေမြို့အကျဉ်းထောင်တွင် အမျိုးသမီးအပါအဝင် အကျဉ်းသားအားလုံးနီးပါး ခန္ဓာကိုယ်ယားယံသည့် အရေပြားရောဂါ ဝေဒေနာ ခံစားနေရကြောင်း အကျဉ်းသားများကိုယ်တိုင် Western News ကို ပြောသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော အကျဉ်းသားအချို့နှင့် Western News တို့ တိုက်ရိုက်အဆက်အသွယ်ရချိန် အကျဉ်းသားများက ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

စစ်တွေအကျဉ်းထောင်ထဲတွင် ကျန်းမာရေးဆိုးဝါးမှုနှင့် အစားအသောက် ဆိုးဝါးသည့် အခြေအနေများကို အကျဉ်းသားများ ရုံးထုတ်လာချိန်တွင် Western News ကို ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

လုံခြုံရေးအခြေအနေအရ အချိန်၊ ရက်နှင့် ပြောပြသူများကို Western News အနေဖြင့် ဖော်ထုတ်ရေးသားခွင့် မရရှိပေ။

“ထောင်ထဲမှာ အကျဉ်းသားအားလုံးနီးပါ အရေပြားရောဂါ ဖြစ်ပွားနေကြပါတယ်။ ခန္ဓာကိုယ် ယားယံတာ၊ အဖု၊ အသီးတွေ ပေါက်တာတွေ ဖြစ်နေပါတယ်။ ဆေးတောင်းရင်လည်း ထောင်ဝန်ထမ်းတွေက ဘာမီတွန် ဆေးတစ်မျိုးပဲ ပေးပါတယ်။ ဖျားတာပဲဖြစ်ဖြစ်၊ ဝမ်းသွားတာပဲဖြစ်ဖြစ် ဘာရောဂါပဲ ဖြစ်ဖြစ် ဘာမီတွန် ဆေးတမျိုးပဲ ပေးပါတယ်။ အခု ထောင်မှာ ဖြစ်နေလဲဆိုတော့ ဘာမီတွန်ဆေးက ရောဂါပေါင်းစုံမှာ သုံးတဲ့ ဆေးဖြစ်နေတယ်။ ကျန်းမာရေးပြဿနာ တော်တော်လေးကို ဆိုးဝါးနေတာပါ” ဟု အကျဉ်းသားတစ်ဦးက ပြောပြသည်။

စစ်တွေအကျဉ်းထောင်တွင် ဘာမီတွန်ဆေးသည် ၉၆ ပါးရောဂါ ဝေဒနာ ပျောက်ကင်းသည့် ဆေးအဖြစ် အသုံးပြုနေရပြီး အကျဉ်းထောင်ဝန်ထမ်းများသည် ဆေးဝါးများကို ပြင်ပဆေးခန်းများသို့ ရောင်းစားနေကြခြင်းဖြစ်သည်။

အကျဉ်းသားများမှာ အကျဉ်းသားများ၏ အခွင့်အရေးကို အပြည့်အဝ ဆုံးရှုံးနေရကြောင်း နောက်ထပ် အကျဉ်းသားတစ်ဦးက Western News ကို ပြောသည်။

“ကျန်းမာရေးအပြင် အစားအသောက်ပိုင်းမှာလည်း တော်တော် ချိုးဖောက်ခံနေရပါတယ်။ ဆိုင်းဘိုး မှာတော့ ဘယ်နေ့ ဘယ်ရက်မှာ အသားကျွေးမယ်။ ဟင်းကျွေးမယ် ရေးထားတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဘာမှကို မပေးတာ။ တစ်ရက်မှာ ငါးသရဲခြောက် အသေး နှစ်ကောင်ပဲ ပေးပါတယ်။ ထမင်းအနည်းငယ် ပေးပါတယ်။ ဒီဟာနဲ့ အသက်ရှင်နေရပါတယ်။ နောက်ထပ် ဘာဆို ဘာမှကို မရတာ။ ထောင်ဝင်စာ တွေ့လို့ရတဲ့သူကတော့ အိမ်က ထည့်ပေးတဲ့ဟာနဲ့ နည်းနည်းစားရမယ်။ မရတဲ့သူကတော့ ထောင်က ကျွေးတဲ့ ငါးသရဲခြောက်နှစ်ကောင်နဲ့ အသက်ရှင်နေရပါတယ်” ဟု ပြောသည်။

စစ်တွေအကျဉ်းထောင်တွင် ယင်းကဲ့သို့ အခွင့်အရေးများ ချိုးဖောက်ခံနေရခြင်းမှာ ၂၀၂၄ မေလအတွင်းကနေ စတင်ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိလည်း အကျဉ်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးနေရသည်ဟု သိရသည်။

စစ်တွေအကျဉ်းထောင်တွင် အစားအသောက်ပိုင်းကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က တာဝန်ယူထားသော်လည်း ထောင်ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုကြောင့် အကျဉ်းသားများ၏ အစားအသောက်မှာ ဖြတ်တောက်ခံရခြင်းဖြစ်သည်။

ယခင်က ICRC နှင့် အကျဉ်းသားများ တစ်လလျှင်တစ်ကြိမ်စီ တွေ့ခွင့်ရရှိသော်လည်း လက်ရှိတွင် တွေ့ခွင့်မရရှိကြသည်မှာ လအနည်းငယ် ကြာပြီဟု အကျဉ်းသားများက ပြောဆိုကြသည်။

“စစ်ကောင်စီ ကိုယ်တိုင်က ICRC နဲ့ အကျဉ်းသားတွေကို တွေ့ခွင့်မပေးတာ။ အရင်ဆို ထောင်ထဲကို ဝင်ခွင့်ပေးတယ်။ အခု မပေးတော့ဘူး။ ၂၀၂၄ ဩဂုတ်လကတည်းကနေ ICRC က ထောင်ထဲ တစ်ကြိမ်မှ မရောက်သေးဘူး။ ICRC ရောက်လာရင်တော့ အကျဉ်းသားတွေကို စားသောက်ရေးအဆင်ပြေလား၊ ဘာတွေ လိုအပ်ချက်ရှိလဲ မေးပါတယ်။ အခုတော့ မတွေ့ရတော့ ဘာမှ မပြောရဘူးဖြစ်နေပါတယ်” ဟု ထပ်မံပြီး အကျဉ်းသားတစ်ဦးက ပြောသည်။

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသူအမျိုးသမီးများအပါအဝင် အကျဉ်းသား တစ်ထောင်ကျော်ရှိပြီး ပြီးခဲ့သည့်လက ပုဒ်မ ၁၇(၁) အပါအဝင် ၅၆(က)၊ ၅၆(ည) တို့ဖြင့် အကျဉ်းသား ၅၀ ကျော် ရောက်ရှိလာကြောင်း သိရသည်။

ကုန်ခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကလည်း DMG က သတင်းထောက် ကိုထက်အောင် အပါအဝင် အကျဉ်းသား ၆၀၀ ကျော်မှာ စစ်တွေအကျဉ်းထောင်ကနေ ဧရာဝတီတိုင်း ပုသိမ်မြို့အကျဉ်းထောင်သို့ စစ်ကောင်စီက ပြောင်းရွှေ့ထားခဲ့သည်။

လက်ရှိတွင် စစ်တွေမြို့အနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့မှာ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီကလည်း အင်အားအများအပြား ဖြည့်တင်းထားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ