မလေးရှားနှင့် ထိုင်းနိုင်ငံ ပြည်နယ်များသို့ သွားရောက်ရန် ထွက်ခွာလာသော မြန်မာနိုင်ငံသား ၁၂၀ နီးပါး ပွဲစားများက စွန့်ပစ်မှုကြောင့် ထိုင်းအာဏာပိုင်းမျာတွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ သတင်းများက ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီမြို့မှာ တရားမဝင် ဝင်ရောက်ရှိလာသော ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၄၄ ဦးအပါအဝင် မြန်မာ ၁၁၆ ဦး ဖမ်းဆီးခံခဲ့ရသည်။
အဖမ်းခံရသူများထဲမှ ထိုင်းစကား အနည်းငယ်တတ်သူများ၏ ပြောဆိုချက်အရ မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်က ဆင့်ခေါ်နေသော စစ်မှုထမ်းအဖြစ်မှ ရှောင်တိမ်းရန် ထွက်ပြေးလာကြသည်ဟု ထွက်ဆိုကြောင်း သိရသည်။



ဖမ်းဆီးခံရသူများထဲတွင် ဘန်ကောက် သို့မဟုတ် အနီးနားက ပြည်နယ်များနှင့် တစ်ချို့မှာ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြခြင်းဖြစ်ကြောင်း သိရသည်။
တစ်ယောက်ကို ဘတ် ၁၈၀၀၀ ကနေ ၂၀၀၀၀ အထိ ပေးခဲ့ရပြီး ပွဲစားများက လမ်းခုလပ်တွင် ၎င်းတို့ကို စွန့်ပစ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များထံ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
အာဏာသိမ်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ၊ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ပိတ်ပင်ခံရမှုများနှင့် မတရားဖမ်းဆီးမှုများတို့ကြောင့် မြန်မာနိုင်ငံက လူငယ်အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းက ထွက်ခွာလာနေကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် အပါအဝင် ၁၂၉ ဦး ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိထားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများက ဖော်ပြသည်။