အာရက္ခတပ်တော် AA အပြည့်အဝ ထိန်းချုပ်ထားသည့် မြောက်ဦးနှင့် ကျောက်တော်ကြား ဟိုက်ဝေးလမ်းမတစ်လျှောက်တွင် ဓါးပြတိုက်မှု၊ လုယက်မှု ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဓါးပြတိုက် လုယက်မှု ခံရသူမိသားစုဝင်များနှင့် Western News တို့အဆက်အသွယ် ရရှိခဲ့ရာမှာ ဓါးမြတိုက်သူများသည် မျက်နှာဖုံးစွပ်ထားပြီး ဓါးရှည်များ ကိုင်ဆောင်ကာ ချုံနွယ်ကြားမှ ထွက်လာခြင်း ဖြစ်ကြောင်း ပြောသည်။
မျက်နှာဖုံးစွက်ထားသူများသည် လူငယ်များဟု ယူဆရပြီး အသက် ၂၅ ကျော်ကနေ ၃၅ နှစ်ကြား ခန့်မှန်း နိုင်ကာ လူ သုံးဦးကနေ ၅ ဦးအထိ အုပ်စုဖွဲ့ ရှိနိုင်ကြောင်း ဓါးမြတိုက်ခံရမှုတွင် ပါဝင်သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။
မြောက်ဦးမြို့ခံ လူငယ်တစ်ဦးက “ဟုတ်တယ်ဗျ၊ ဒီရက်ပိုင်းအတွင်းမှာ ဓါးထောက် ငွေတောင်းတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ မြောက်ဦးမြို့နယ် တောင်ဦးကို မရောက်ခင်လေးမှာ လင်းမွေတောင် တစ်ကြောပေါ့ အဲ့နားမှာ လူအရမ်းပြတ်တာဆိုတော့ တောတွေလည်း ထူတော့ အဲနားမှာ ဓါးပြတိုက်မှုဖြစ်ခဲ့တယ်ပြောပါတယ်။ လူတွေကလည်းဗျာ ကုန်ဈေးနှုန်းကကြီး၊ ဝင်ငွေကလည်းမရှိ၊ အလုပ်လည်းမရှိတော့ မကောင်းတဲ့ အလုပ်တွေ လုပ်လာကြတယ်” ဟု ပြောသည်။
မြောက်ဦးက ငွေထုတ်ပြီးအပြန်မှာ ဓါးပြတိုက်ခံရမှု ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သလို ဇန်နဝါရီ လဆန်းပိုင်းလည်း ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ယင်းအကြောင်း သိထားသူတစ်ဦးက Western News ကို ပြောပြသည်။
“ကျေးရွာတွေဘာတွေတော့ မသိဘူး။ မြောက်ဦးက ငွေထုတ်ပြီးအပြန်မှာ ဓါးပြတိုက်ခိုက်ခံရတယ်လို့ပြောတယ်။ ငွေတွေ ပါသွားတယ်။ ဘယ်လောက် ပါသွားတယ်ဆိုတာတော့ မသိဘူး။ ဓါးပြတိုက်ခိုက်ခံရကတော့ သေချာပါတယ်” ဟု ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ မြောက်ဦး- ကျောက်တော် ကား လမ်းတစ်လျှောက် အာရက္ခတပ်တော် AA က ဂိတ်ချပြီ စစ်ဆေးနေခြင်း မရှိကြောင်းလည်း ယင်းကဲ့သို့ အခွင့်အရေးတစ်ခု လုပ်ရန် ရရှိနေကြောင်းလည်း ပြောဆိုကြသည်။
ထို့အပြင် မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာဒေသခံတစ်ဦးမှာလည်း မကြာသေခင်းက အုပ်စုဖွဲ့ ဓါးပြတိုက်ခံရ၍ ဖုန်းနှင့် ငွေ ပါသွားကြောင်း ဒေသခံများထံများက သိရသော်လည်း ၎င်း၏ လုံခြုံရေးအခြေ အနေအရ အသေးစိတ် ပြောဆိုရင် ငြင်းဆိုခဲ့သည်။
မြောက်ဦး-ကျောက်တော် လမ်းမသည် ရခိုင်မြောက်ပိုင်းဒေသ၏ အဓိက သွားလာရေး လမ်းမကြီးတစ်ခုဖြစ်ပြီး မြို့နယ်အများအပြားကို ဆက်သွယ်ထားသည့် လမ်းမဖြစ်သည့်အတွက် အသွားအလာက များပြားကြသည်။
သို့သော်လည်း လမ်းမတစ်လျှောက်တွင် ကျေးရွာများနှင့်ဝေးသည့် လူပြတ်လပ်သည့် နေရာအများအပြားရှိကြောင်းလည်း သိရသည်။
“မြောက်ဦး-ကျောက်တော် လမ်းမက အမ်း-မြေပုံ-မင်းပြား-မြောက်ဦး-ကျောက်တော်- ပုဏ္ဏားကျွန်း-စစ်တွေ ကို ဆက်ထားတဲ့ လမ်းမဆိုတော့ ကုန်ရောင်းကုန်ဝယ် အသွားအလာရှိကြတယ်။ ဈေးရောင်းအပြန်မှာ လုယက်ခံရသူလည်း ရှိတယ်လို့ ပြောကြတယ်” ဟု နောက်ထပ် မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ မြောက်ဦး-ကျောက်တော် လမ်းမတွင် ဓါးပြတိုက်မှု၊ လုယက်မှု အနည်းဆုံး ၃ ခု ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် သိမ်းပိုက်ထားသော မြို့နယ်များကို တရားဥပဒေစိုးမိုးရေးနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး အစစ်အဆေးများကို ယခင်ကထက် လျော့ချထားကြောင်း သိရသည်။
သို့သော်လည်း တရားဥပဒေစိုးမိုးရေးမှာ အလွန်အားနည်းနေသည်ကို ယခု ဓါးပြတိုက်၊ လုယက်ခံရမှုများက ပြသနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ထိုကဲ့သို့ ဓါးပြတိုက်၊ လုယက်မှုများ ဖြစ်ပွားနေ၍ ဒေသခံပြည်သူများမှာ စိုးရိမ်နေကြပြီး အသွားအလာ နည်းသွားကြောင်းလည်း ပြောဆိုကြသည်။
ကုန်ခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်အတွင်းလည်း ပလက်ဝမြို့နယ် မောင်နှမကျေးရွာက ကုန်သည်မိသားစုဝင် ၃ ဦးမှာ ကျောက်တော်-ပလက်ဝ အစပ် ကုလားတန်မြစ်တွင် ဓါးပြတိုက်ခံရပြီး လည်လှီးသတ်ဖြတ်ခံခဲ့ရသည်။
မိသားစုဝင်များမှာ အမှုမှန်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့အား တိုင်ကြားထားကြောင်းလည်း မိသားစုဝင်များနှင့်နီးစပ်သူက ပြောဆိုထားသည်။