Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာမှာ ရှိသော နေအိမ်များအားလုံးကို စစ်ကောင်စီတပ်ရင်းများက ဖြိုဖျက်ခိုင်းပြီး ထင်းအဖြစ် ရောင်းစားနေကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းက စစ်ကောင်စီတပ်က စစ်တွေမြို့အနီး ကျေးရွာ ၂၀ ကျော်ကို နှင်ထုတ်ရှင်းလင်းရေး ပြုလုပ်သည့် အထဲတွင် ပါဒလိပ်ကျေးရွာလည်း ပါဝင်ခဲ့ပြီး လက်ရှိ နေအိမ်များကို ရောင်းချနေကြောင်း ဆိုသည်။

ပါဒလိပ်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က စစ်တွေမြို့နယ်က မွတ်ဆလင်များကို ရောင်းချထားခြင်းဖြစ်ပြီး ၎င်းတို့က ယင်းအိမ်များကို ဖြိုဖျက်ကာ ထင်းအဖြစ် ရောင်းချနေခြင်းဖြစ်သည်။

“ပါဒလိပ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပါဒလိပ်ရွာက နေအိမ်တွေကို မွတ်ဆလင်တွေကို ရောင်းစားထားတယ်။ ပါဒလိပ်မှာက လူတွေမရှိတော့ဘူး။ ဟိုပြေးဒီပြေးနဲ့ အများစုကတော့ စစ်တွေမြို့ထဲမှာ စစ်ဘေးရှောင်ဖြစ်နေကြတယ်။ စစ်တပ်က နှင်ထုတ်ထားတာပေါ့။ ရွာမှာ လူတွေမရှိတာ တော်တော်ကြာပါပြီ” ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပါဒလိပ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခမရ ၃၄၄ တပ်ရင်းနှင့် ခလရ ၂၃၂ တပ်ရင်း စသည့် အနည်းဆုံး တပ်ရင်း ၃ ခုထက် မနည်းရှိ နေခြင်းဖြစ်သည်။

ပါဒလိပ်ကျေးရွာသားများကို စစ်ကောင်စီက နှင်ထုတ်ထားပြီး အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်များ နေထိုင်ပြီးနောက် ၎င်းတို့နှင့် နီးစပ်သည့် မွတ်ဆလင်များအား နေအိမ်များကို ရောင်းချထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာမှ နေအိမ်များကို ဝယ်ယူထားသော မွတ်ဆလင်များမှာ ဖြိုဖျက်ပြီး စစ်တွေမြို့အတွင်း သွားရောက်ကာ ထင်းအဖြစ် ရောင်းချနေကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောဆိုသည်။

“မွတ်ဆလင်တွေက အဲဒီနေအိမ်တွေကို ဖြိုဖျက်ပြီးတော့ ထင်းအဖြစ် ပြောင်းလဲပြီးတော့ စစ်တွေမြို့ထဲမှာ ရောင်းစားပါတယ်။ စစ်တွေမှာ ထမင်းချက်ဖို့ လောင်စာ အရမ်းရှားတယ်လေ။ လျှပ်စစ်မီးကလည်း မရဘူး။ အရင်က လျှပ်စစ်မီးနဲ့ ချက်စားတဲ့သူတွေလည်း အခု ထင်းနဲ့ပဲ ချက်စားရတာဆိုတော့ လောင်စာက အရမ်းလိုအပ်ကြတယ်” ဟု ပြောသည်။

ပါဒလိပ်ကျေးရွာတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ နေအိမ် ၇၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး လူဦးရေ ၃၃၀၀ ကျော်ရှိကြောင်း သိရသည်။

အတည်မပြုရသေးသော သတင်းများအရ ပါဒလိပ်ကျေးရွာမှ နေအိမ်များကို ထင်းအဖြစ်ရောင်းချရာမှာ စစ်ကောင်စီတပ်ရင်းများက နေအိမ်အားလုံးနီးပါးကို ငွေကျပ်သိန်း ၃၀၀၀ ဖြင့် ရောင်းချထားကြောင်းလည်း သိရသည်။

စစ်တွေမြို့တွင် လျှပ်စီးမီး ပြတ်တောက်နေသည်မှာ တစ်နှစ်ကျော်ကြာလာသည်အမျှ ထင်းဝယ်လိုအားသည် ယခင်ကထက် ၃ ဆအအထိ မြင့်တက်လျှက်ရှိနေပြီး ထင်းနှင့် မီးသွေးသည် စစ်တွေမြို့ခံအတွက် အလိုအပ်ဆုံးသော လောင်စာတစ်ခု ဖြစ်လာနေကြောင်း သိရသည်။

ယင်းအထဲတွင် စစ်တွေမြို့ဒုက္ခသည်စခန်းဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများက ထင်း ဝယ်လိုအား မြင့်မားလာပြီး အခြားသော မြို့ခံများမှာလည်း မွတ်ဆလင်များမှ ရောင်းသော ထင်းကို အားကိုးနေရကြောင်း သိရသည်။

စစ်ရှောင်များအား လက်ခံထားသည့် ဘုန်းတော်ကြီးတစ်ပါးက “ချက်ဖို့ပြုတ်ဖို့က လျှပ်စစ်မီးနဲ့ မနိုင်ဘူး။ ဒီလောက် လူအများအကြီးကို နေ့စဉ် အိုးကြီးကြီးတွေနဲ့ ချက်ကျွေးနေရတယ်။ ထင်းနဲ့ပဲ ချက်ရတာပေါ့။ ထင်းတွေကလည်း ဈေးကြီးတယ်။ လက်တောင် တစ်တောင်ကျော်လောက်ရှိတဲ့ ထင်းပေါက် ၃ ပေါက်ကို ကျပ် ၁ ထောင်ပေးရတယ်။ ထမင်းတစ်ခါချက်ဖို့ ထင်းအနည်းဆုံး ၃, ၄ စည်းလောက်က ကုန်တာပဲ။ တစ်ရက်မှာ ထင်းပေါက် ရာနှင့်ချီ ကုန်ပါတယ်” ဟု ပြောသည်။

စစ်တွေမြို့၏ ထင်းလိုအပ်ချက်ကို မွတ်ဆလင်များက အဓိက ရောင်းပေးပြီး အခြားသော အရပ်သားပြည်သူများမှာလည်း မည်သည့်နေရာက ရရှိသည်ကိုမသိရသော်လည်း ပျဉ်အိမ်တံခါးမကြီးများကို ထင်းအဖြစ်အသုံးပြုနိုင်ရန် လာရောက်ရောင်းချမှုရှိကြောင်းလည်း အဆိုပါ ဘုန်းတော်ကြီးက ဆိုသည်။

ရွာသားများ အတင်းအဓမ္မနှင်ထုတ်ခံရသော ဗျိုင်းဖြူကျေးရွာမှာဆိုလျှင် နေအိမ်အများစု ဖြိုဖျက်ခံထားရကြောင်း နေအိမ်ပိုင်ရှင်များက ပြောဆိုထားကြသည်။

“ပြီးခဲ့တဲ့ ၂ လလောက်က ရွာကို ခိုးကြောင်ခိုးဝှက်သွားပြီး ကြည့်တာ။ နေအိမ်တွေ တော်တော်များများက ခေါင်မိုးတွေမရှိတော့ဘူး။ ထရံတွေမရှိတော့ဘူး။ အိမ်တိုင်တွေ မရှိတော့ဘူး။ ကျနော်တို့ စုံစမ်းကြည့်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မွတ်ဆလင်တွေကို ရောင်းစားထားတယ်လို့ သိရတယ်။ စစ်တွေမြို့မှာ အသုံးပြုနေတဲ့ ထင်းတွေက ကျနော်တို့ အိမ်တွေ ဖြစ်ပါတယ်။ တော်တော်လေးကို ရင်နာစရာကောင်းပါတယ်။ အိမ်ကလည်း ပြေးရ၊ အိမ်လည်း ရောင်းစားခံထားရ ကျနော်တို့ဘဝက တော်တော်လေးကို ရူးချင်စရာ ကောင်းပါတယ်” ဟု ဗျိုင်းဖြူရွာသားတစ်ဦးက ပြောသည်။

စစ်တွေမြို့အနီးက ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ ကျေးတော၊ ရွှေပြည်သာ စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရသည်။

အဆိုပါ ကျေးရွာများမှ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရောင်းစားနေပြီး ကျေးရွာအချို့တွင်လည်း တပ်စခန်းများ အခိုက်အမာချကာ နေထိုင်ကြကြောင်းလည်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ