Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ-ရခိုင်ပြည်နယ်အတွင်း စာသင်ကြားနေသည့် ကလေးများ။ဓါတ်ပုံ- ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး

(လေးတန်း ကျောင်းသားကျောင်းသူများလည်း ကကြီး ခခွေး သင်နေရဟုဆို)

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင် ကိုယ်ထူကိုယ်ထဖြင့် ကလေးငယ်များ ပညာသင်ကြားနေကြသော်လည်း ကျောင်းဆရာ၊ ဆရာမ မရှိ၍ ကလေးငယ်များမှာ ယခုနှစ် ပညာသင်ယူခွင့် ဆုံးရှုံးသွားကြောင်း သိရသည်။

မြောက်ဦးမြို့နယ် စာပေါင်ကျေးရွာတွင် စာပေါင်ကျေးရွာသည် ခြိတ်ချောင်းကျေးရွာအုပ်စုထဲက ရွာတစ်ရွာဖြစ်ပြီး လေးမြို့မြစ်အနီးမှာရှိသော အိမ်ခြေ ၂၀ ကျော်ရှိသည့် မြိုတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာဖြစ်သည်။

အဆိုပါ ကျေးရွာတွင် မူလတန်းကနေ ခုနှစ်တန်း အထိ တက်ရောက်နိုင်သည့် ကလေးငယ် ၂၀ ဦးထက်မနည်းရှိနေကြောင်း ရွာသားများက ပြောသည်။

ကျေးရွာသားတစ်ဦးက “ရွာမှာ ကျောင်းသား ၂၀ လောက်ရှိတယ်။ အတန်းက ၇ တန်းအထိရှိတယ်။ စာမသင်ကြရဘူး။ ကျောင်းဆရာမရှိလို့။ ဒီနှစ်ရွာကိုစာလာပြတဲ့ကျောင်းဆရာမရှိဘူး။ အရင်နှစ်တွေကရှိတယ်။ ဒီနှစ်ပဲမရှိတာ။ ဒါကြောင့်ပဲ စာသေချာမသင်ကြရဘူး” ဟု ပြောသည်။

AA ထိန်းချုပ်သည့် မြို့နယ်များတွင် စစ်ကောင်စီပညာရေးယန္တရား မရှိတော့သည့်အချိန် ၂၀၂၄ ခုနှစ် ဇူလိုင်လကစ၍ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများမှာ အခကြေးငွေအနည်းငယ်စီယူပြီး ကိုယ်ထူကိုယ်စနစ်ဖြင့် ပညာသင်ကြားနေရသည်။

စာပေါင်ကျေးရွာမှာ အခကြေးငွေ ပေး၍ ကလေးငယ်များအား ပညာသင်ကြားလိုသော်လည်း မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာတစ်ရွာ ဖြစ်သောကြောင့် ကျောင်းဆရာ၊ ဆရာမ လာရောက်ကြခြင်းမရှိကြောင်း သိရသည်။

မြောက်ဦးမြို့ခံ လူငယ်တစ်ဦးက “စာပေါင်ကျေးရွာက မြောက်ဦးမြို့နဲ့ ၂ နာရီလောက် သွားရတဲ့ ခရီးမှာ ရှိပါတယ်။ လေးမြို့မြစ် အထက်ပိုင်းမှာပေါ့။ မိုးရာသီဆို လမ်းမပေါက်ဘူး။ နွေရာသီလောက်ပဲ လယ်ကွင်းတွေ၊ တောင်တွေကို ဖြတ်ပြီး သွားရတယ်။ ဒါ့ကြောင့်ထင်တယ် ဆရာ၊ ဆရာမတွေကလည်း မသွားချင်ကြဘူး။ ကလေးငယ်တွေအတွက်တော့ ပညာသင်ကြားခွင့် ဆုံးရှုံးသွားရတာပေါ့” ဟု ပြောသည်။

မိဘများမှာ ကလေးငယ်များအား ပညာသင်ကြားပေးလိုသည့်အတွက် ကျောင်းဆရာ၊ ဆရာမ မဟုတ်သော်လည်း ပညာအနည်းငယ်တတ်သည့် ဆရာတစ်ဦးအား အခကြေးငွေပေး၍ ပညာသင်ကြားနေကြောင်း သိရသည်။

ကျေးရွာသားတစ်ဦးက “ကျောင်းဆရာမရှိတော့ ရွာက တစ်ယောက်ကို အခကြေးငွေလေးပေးပြီး ကလေးတွေကို စာသင်ဖို့လုပ်ထားတယ်။ ဒါပေမယ့် သူက ကျောင်းဆရာမဟုတ်တော့ သူတတ်သလောက်မှတ်သလောက် လေးသင်ပေးနေတာ။ ၄ တန်းကျောင်းသူတွေလည်း ကကြီး ခခွေးသင်နေကြရတာပဲ။ စာသင်တယ်ဆိုပြီးရော ဖြစ်နေတယ်။ ကလေးတွေက စာသေချာမသင်ကြရဘူး” ဟု ဆိုသည်။

၂၀၂၃ နိုဝင်ဘာလက စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်အတွင်း မြို့ရွာများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကို စနစ်တကျပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသည်။

၂၀၂၄ ခုနှစ် အစောပိုင်းတွင် အာရက္ခတပ်တော် AA က စစ်ကောင်စီထံမှ ရခိုင်မြောက်မှ မြို့အများစုကို သိမ်းပိုက်ပြီးနောက် ဇူလိုင်လအတွင်းမှာ ဆရာနှင့် မိဘများပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ ပညာရေးစနစ်ကို စတင်ခဲ့ကြသည်။

သို့သော်လည်း စာပေါင်ကျေးရွာကဲ့သို့ အခြားသော မြို့နယ်များက ကျေးရွာများမှာလည်း ကျောင်းဆရာ၊ ဆရာမ မရှိ၍ ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရခြင်းဖြစ်သည်။

ယင်းအပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ရှောင်ပြည်သူများမှာလည်း ၎င်းတို့၏ ကလေးငယ်များကို ငွေကြေးအခက်အခဲများကြောင့် ပညာသင်ကြားခွင့် မပေးနိုင်ခဲ့ကြကြောင်း စုံစမ်းသိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ