Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် ထိစပ်နေသော ဘင်္ဂလားပင်လယ်အော်၏ မြစ်တက်တစ်ခုဖြစ်သည့် နတ်မြစ်အား တွေ့ရစဉ်။

ရခိုင် ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦးကို အာရက္ခတပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို စက်လှေ ၄ စီးနှင့်အတူ AA က ဖမ်းဆီးသွားခြင်းဖြစ်သည်။

မောင်တောမြို့အနီးက နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထက်ဝက်ပိုင်သလို ရခိုင်ကလည်း ထက်ဝက်ပိုင်ဆိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ပိုက်နက်သို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းများနှင့် ကျူးကျော်ဝင်ရောက်လာသူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေသည်။

ယခု ဖမ်းဆီးခံရသော ငါးဖမ်းသမား ၁၉ ဦး ပြန်လည်လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ် တက္ကနပ်ဆိပ်ကမ်းမှ အရာရှိတစ်ဦးက “တံငါသည် ၁၉ ဦး AA ဆီမှာ ဖမ်းဆီးခံရတာကို သတင်းမျိုးစုံကနေ ကြားထားပါတယ်။ သူတို့ ပြန်လည်လွတ်မြောက်ဖို့ အတွက်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB နဲ့ ညှိနှိုင်းပြီးတော့ AA နဲ့ ဆက်သွယ် ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

BGB ၏ အကြီးတန်း အရာရှိတစ်ဦးကလည်း အဆိုပါဖြစ်ရပ်ကို အတည်ပြုထားပြီး ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် စုံစမ်းနေပြီး အမြန်ဆုံးခေါ်ယူနိုင်ရေးကို ကြိုးပမ်းနေသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ပထမ အပတ်အတွင်းကလည်း ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကိုလည်း အာရက္ခတပ်တော် AA ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးပေ။

AA ဖမ်းဆီးထားသည့် ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ပါဝင်ကူညီရမည်ဟု တက္ကနပ်ဆိပ်ကမ်းအာဏာပိုင်များနှင့် BGB အရာရှိများအချို့က တောင်းဆိုထားကြသည်။

တစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်က ဒါဇင်နှင့်ချီသော ငါးဖမ်းစက်လှေများမှာ ပြီးခဲ့သည့် ဇန်နဝါရီလက ရခိုင်ပင်လယ်ပြင်ဖြစ်သည့် ကျောက်ပန်းန္ဒူကမ်းခြေနှင့် အလယ်သံကျော်ကမ်းခြေဘက်တွင် စစ်ကောင်စီရေတပ်ကို အကာအကွယ်ယူ၍ တရားမဝင် ငါးဖမ်းခဲ့ကြသည်။

ဘူးသီးတောင်၊ မောင်တောဒေသကို အာဏာသိမ်း စစ်ကောင်စီထံမှ အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော နတ်မြစ်တစ်လျှောက်ကို ထိန်းချုပ်ထားသည်။

သို့သော်လည်း နတ်မြစ်ဝ ဖြစ်သည့် ရခိုင်ပင်လယ်ပြင် ဘင်္ဂလားပင်လယ်အော်တွင် စစ်ကောင်စီ၏ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများမှာ သွားလာလှုပ်ရှားမှုများရှိနေပြီး ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းစက်လှေများမှာ စစ်ကောင်စီ ရေတပ်အား ငွေကြေးပေး၍ ကျူးကျော် ငါးဖမ်းနေကြကြောင်းလည်း သိရသည်။

Ref: dhakatribune

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ