မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကုလသမဂ္ဂ UN အတွင်းရေးမှူးချုပ် အမ်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်ကို မတ်လမှာ သွားရောက်မည်ဟု သိရသည်။
UN အကြီးအကဲ အမ်တိုနီယို ဂူတာရက်စ် မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ကြိုတင်ပြင်ဆင်မှုအနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မည်ဖြစ်သည်။
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသနှင့် ရသေ့တောင်မြို့နယ်တို့က မွတ်ဆလင်များကို ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရှင်းလင်းရေး ပြုလုပ်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မွတ်ဆလင် သိန်းနှင့်ချီ ထွက်ပြေးခဲ့ရသည်။
၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်တွင် မွတ်ဆလင်များ နေရပ်ပြန်ရေးကို စီစဉ်ခဲ့သော်လည်း အနည်းသာ ပြန်လည်ရောက်ရှိခဲ့ကြပြီး အများစုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ယဇားခရိုင်ထဲက ဒုက္ခသည်စခန်းများတွင်ရှိနေဆဲဖြစ်သည်။
မွတ်ဆလင်များ နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့တို့ ထပ်မံစီစဉ်နေကြသော်လည်း လက်တွေ့တွင် အကောင်အထည် မဖော်နိုင်သေးကြပေ။
လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောဒေသကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီး မွတ်ဆလင်များ နေရပ်ပြန်ရေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ စစ်ကောင်စီအပြင် AA နှင့်ပါ တွေ့ဆုံစကားပြောရမည်ဟု သုံးသပ်သူများလည်းရှိနေကြသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် မွတ်ဆလင် ၁ ဒသမ ၃ သန်းနီးပါးကို နေရပ်ပြန်ပို့နိုင်ရေးအတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေ့ရှ်သတင်း မီဒီယာများက ဖော်ပြကြသည်။
လက်ရှိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မစ္စတာ ယူနွတ်စ် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့သည် မွတ်ဆလင်ဒုက္ခသည်များအတွက် ရခိုင်ပြည်အတွင်း ဘေးကင်းဇုန် (Safe Zone) ထားရှိရန် တောင်းဆိုနေသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ UN အတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ယခုခရီးသည် နောက်ဆုံးအဆင့်ဖြစ်ကြောင်းနှင့် မတ်လအတွင်း မည်သည့်ရက်တွင် လာရောက်မည်ကို ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာစစ်တပ်ကြောင့် ဘင်္ဂလားဒေ့ရှ်ရောက်သွားသော မွတ်ဆလင်များမှာ ရခိုင်ပြည်အတွင်းက ၎င်းတို့၏ နေရပ်ကို ပြန်လိုကြသော်လည်း နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ မူလနေထိုင်ခဲ့သည့် ကျေးရွာ, နေအိမ်တွင် ထားရှိရေး၊ နိုင်ငံသားအခွင့်အရေး စသည့် အချက်ပေါင်း ၁၀ ကျော်ကို တောင်းဆိုထားကြသည်။