Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အနုပညာ အလုပ် လုပ်ကိုင်နေသော ရခိုင်လူငယ် တစ်ဦးကို ရခိုင်ပြည်၊ စစ်တွေမြို့နယ် တရားရုံးက မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် ထောင် သုံးနှစ်ချမှတ်လိုက်ကြောင်း ကာယကံရှင်ဖြစ်သူ က Western News ကို ပြောသည်။

အသက် ၂၉ နှစ်ရွယ်ရှိ ရခိုင်အနုပညာ အလုပ်ကို လုပ်ကိုင်နေသူ ကိုသူရိန်ထွန်းကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် စစ်တွေမြို့ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်နေစဉ်အတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကိုသူရိန်ထွန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးက မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်လိုက်ခြင်း အပြီးမှာ ၎င်းက Western News ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော့်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ ထောင် ၃နှစ်ချလိုက်ပါတယ်။ သူတို့က အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီးတော့ ချလိုက်တာပါ။ စစ်တွေမြို့နယ်တရားရုံးကနေ ချလိုက်တာပါ။ အခုနောက်ပိုင်းမှာတော့ ၅၂ နဲ့ စွဲကြပါတယ်။ ကျနော်တုန်းကတော့ စွဲကတည်းက ၁၇(၁) နဲ့ စွဲတာပါ ” ဟုပြောသည်။

အာရက္ခတပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ၎င်းကို မတရား အသင်းဆက်သွယ်မှုပုဒ်မပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုခြင်းဖြစ်ပြီး ယင်းပုဒ်မနှင့် အမိန့်ချမှတ်ခြင်း ဖြစ်ကြောင်း ကိုသူရိန်ထွန်းက ဆက်လက်ပြောသည်။

“ကျနော်ကတော့ အယူခံ မဝင်တော့ပါဘူး။ ဝင်ဖို့ကလည်း ကျနော်မှာ ပိုက်ဆံ မရှိဘူး။ ကျနော့်ကို တရားသူကြီးက မတရားချလိုက်တာပါ။ တရားသူကြီးက မေးတယ်။ မင်းမှာ အပြစ်ရှိလား မရှိလားမေးတယ်။ ကျနော့်မှာ မရှိဘူးလို့ ဖြေတယ်။ မဟုတ်ဘူးတဲ့ မင်းမှာ အပြစ်ရှိတယ်တဲ့။ AA ကျင်းပတဲ့ သင်္ကြန်ပွဲ ကိုသွားတယ်တဲ့။ အဲ့ဒီပွဲမှာ အားပေးအားမြှောက်လုပ်တဲ့အတွက်ကြောင့် မင်းမှာ အပြစ်ရှိတယ်တဲ့။ ကျနော်ကပြောတယ်။ သင်္ကြန်ဆိုတာ အများပြည်သူ ပျော်ပွဲ ရွှင်ပွဲ ကျင်းပတာဖြစ်တယ်။ ကျနော့်မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်” ဟုပြောသည်။

ကိုသူရိန်ထွန်း အမှုနှင့် ပတ်သက်၍ တရားလိုဖက်က ၆ ယောက်ဖြစ်သော စစ်တွေ ဒစက ဗိုလ်မှူးတစ်ဦး၊ စရဖ၊ ရဲအရာရှိတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။

၎င်းတို့ ထွက်ဆိုချက်မှာလည်း တရားရုံတွင် သက်သေအထောက်အထား တစ်စုံတစ်ရာမှ မပြနိုင်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းမှာ မှန်ကန်မှု မရှိကြောင်း သူက ဆက်လက်ပြောသည်။

ကိုသူရိန်ထွန်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလမှာ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၌ ရှိနေစဉ်တွင် စစ်ကောင်စီတပ်၏ ဝင်ရောက် စီးနင်းမှုမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်အတွင်း ၂လ ကျော် နေထိုင်ခဲ့ရကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ကိုသူရိန်ထွန်းကို စစ်ကောင်စီက စစ်တွေမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး ၎င်းကို မတရား အသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) နှင့် စစ်ကောင်စီက တရားလို လုပ်ကာ တရားစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုသူရိန်ထွန်း သည် ရခိုင်အနုပညာလောကထဲတွင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး အနုပညာ သက်ကြီးပိုင်းများကို ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးဖြစ်သလို ၎င်းမှာ ရခိုင်၊ စာပေ၊ ဂီတ၊ အနုပညာ AAL Media တည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။

စစ်တွေ အကျဉ်းထောင်တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် အကျဉ်းသား ၂၀၀ ဝန်းကျင်လောက် ရှိပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (၂) က၊ ၅၀ (ည) တို့ဖြင့် တရားစွဲဆိုခံထားရသူ ၁၀၀ ကျော်လောက် ရှိကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ