Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ဒုက္ခသည်များထံမှ တစ်လလျှင် ငွေကျပ် ၈ သိန်းကို စစ်တွေရပ်ကွက်အုပ်ချုပ်ရေးမှူး ခံစားနေရ)

ရခိုင်ပြည် မြို့တော် စစ်တွေမြို့က စစ်ဘေးရှောင်ဒုက္ခသည် ၈,၀၀၀ ကျော်မှာ တစ်လလျှင် လူတစ်ဦး ကျပ် ၂၀၀၀ နှုန်းဖြင့် ဧည့်စာရင်းတိုင်ကြေး ပေးနေရပြီး ရပ်ကွက်အုပ်ချုပ်မှူးများမှာ လစဉ် ငွေကျပ် ၈ သိန်းထက်မနည်းကို ဒုက္ခသည်များထံမှ လက်ခံရရှိနေကြသည်။

စစ်တွေမြို့အတွင်းက ဘုန်တော်ကြီးကျောင်း ၅၃ ကျောင်းတွင် ကျေးရွာပေါင်း ၂၀ ကျော်က အရပ်သားပြည်သူ ၈၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ဒုက္ခသည်အဖြစ် နေထိုင်နေကြရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ ဒုက္ခသည်များထံမှ ဧည့်စာရင်းဖိုး လစဉ် တောင်းယူနေကြသည်။

မဏိရတနာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ရှောင် ၄၀၀ ကျော်မှ ရွာကြီးတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက စစ်ရှောင်တစ်ဦးထံမှ ငွေကျပ် ၂ ထောင်စီ တောင်းယူနေကြောင်း ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။

“မဏိရတနာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ရှိတယ်။ တစ်လမှာ စစ်ရှောင်တစ်ဦးကို ဧည့်စာရင်းတိုင်ခ ကျပ် ၂ ထောင် တောင်းတယ်။ တစ်လမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျပ် ၈ သိန်းရမယ်။ အဲဒါ မရလို့ ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြဿနာရှာနေတယ်။ အခု ကျောင်းမှာ စစ်ရှောင် ၂၀၀ ကျော် မနေရဲတော့ဘူး။ ဦးကျော်ဝင်းက စစ်တပ်နဲ့ လာပြီး အနှောင့် အယှက်ပေးနေတယ်” ဟု ပြောသည်။

ရွာကြီးတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် စစ်တပ်ပူးပေါင်းပြီး မဏိရတနာဘုန်းတော်ကြီးက စစ်ရှောင်များအား စောင့်ရှောက်ရန် တာဝန်ပေးထားသည့် ကပ္ပီယများအား ဖမ်းဆီးထားကြောင်း သိရသည်။

အလားတူ ဓညဝတီရပ်ကွက်တွင်ရှိသော ဓမ္မရာမဘုန်းတော်ကြီးကျောင်းတွင်လည်း ယင်းကဲ့နည်းတူ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များအား လက်ခံထားရှိမှုကို စစ်တပ်က ဖြိုဖျက်ခိုင်းထားသည်ဟု နောက်ထပ် ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။

“ဓမ္မရာမဘုန်းတော်ကြီးကျောင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ALP တပ်ဖွဲ့တွေနဲ့ ပြဿနာ တက်ကြတာ။ ပြည်နယ်အစိုးရအဖွဲ့က ဒုက္ခသည်တွေကို ထောက်ပံ့တဲ့ ဆန်တွေထဲက အချို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖြတ်တောက်တယ်။ ALP က ဧည့်စာရင်းဖိုးဆိုပြီး ငွေကျပ် တစ်လမှာ ၃ သိန်းစီတောင်းတယ်။ ဒီလမှာ မပေးနိုင်လို့ အဲဒါက ဒုက္ခသည်တွေကို လက်မခံရဆိုပြီး အခု စခန်းကို ဖျက်ခိုင်းထားတယ်လို့ သိရတယ်” ဟု ပြောသည်။

ရွာကြီးတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း ကို Western News က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်တွေမြို့အနီးက ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း) စသည့် ကျေးရွာတို့ကို စစ်ကောင်စီတပ်က နှင်ထုတ်ထားသည်။

ထို့အပြင် သင်းပုန်းတန်း၊ မောင်နီပြင်၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ ကျေးတော၊ ရွှေပြည်သာ စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီတပ်၏ နှင်ထုတ်ခြင်းကို ခံထားရပြီး စစ်တွေတွင် စစ်ရှောင်အဖြစ် နေထိုင်နေကြရသည်။

ဆက်စပ်သတင်းများ