မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး ကို မလေးရှား အာဏာပိုင်များက ဝင်ရောက် စီးနင်းရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားထံမှ သိရသည်။
မလေးရှားအာဏာပိုင်များ က ကလန်း မဲရူးဈေးကြီး ကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စ၍ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး အော်ပရာစီ အဖမ်းအဆီးတွင် အထောက်အထားမပြည့်စုံသူ ၆၃၀ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများ မှာ အင်ဒိုနီးရှား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အိန္ဒိယ ၅ ဦး၊ နီပေါ ၁ ဦးနှင့် မြန်မာ ၅၃၀ ဦး ပါဝင်ကြောင်း ကလန်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက Western News ကို ပြောသည်။
“အဲ့ဒီဈေးကို ဒီနေ့ နံနက်ပိုင်းကစလို့ အော်ပရာစီ ဝင်စီးနေတာပါ။ အဲ့ဒီဈေးထဲမှာ အလုပ်သမားတွေက အကုန်မြန်မာတွေ များတယ်။ အထောက်အထားမရှိတဲ့သူတွေက များတယ်။ ယူအန်ကဒ်ကိုင်ဆောင်ပြီးတော့ အလုပ်လုပ်နေတာလည်း ရှိတယ်။ ကျွန်တော်တို့ ကြားသလောက်ကေတာ့ မြန်မာ နိုင်ငံသား ၅၃၀ လောက်အဖမ်းခံထားရတယ်လို့ ပြောတယ် “ဟုပြောသည်။
လက်ထောက်ညွှန်ကြားရေးမှူးချုပ် Jafri Embok Taha က ” စုစုပေါင်း ၆၂၈ ဦးတွင် အသက် ၁၇ နှစ်မှ ၅၇ နှစ်ကြား အမျိုးသားနှင့် အမျိုးသမီး နှစ်ဦး ပါဝင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ကြောင်း Malaysia Gazette တွင် ရေးသားထားသည်။
ဖမ်းဆီးခံရသူများကို မလေးရှား လဝက ဥပဒေနှင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှား သတင်းဌာနများက ရေးသားထားသည်။



မလေးရှား အာဏာပိုင်းများက ယခု ရက်ပိုင်းအတွင်း ကလန်း၊ ပူးချွန်၊ ကေအယ်၊ ရှားလန်း၊ ပီးနန်း စသော နေရာများကို ရုတ်တရက် စီးနင်းမှုများ လုပ်ဆောင်နေသောကြောင့် အသွားအလာများ ဆင်ခြင်ကြဖို့ လိုကြောင်း ရခိုင်အဖွဲ့အစည်းတွင် အလုပ် လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
“အရေးကိစွမရှိဘဲ အပြင်ကို လုံးဝ သွားလာတာတွေ မလုပ်ဖို့ အရေးကြီးပါတယ်။ ဒီကာလအရမ်းက အဖမ်းအဆီးများတယ်။ ကလန်း၊ ပူးချွန်၊ ကေအယ်၊ ပြီးတော့ ရှားလန်း၊ ပီးနန်း စတဲ့နေရာတွေကို ရုတ်တရက် ဝင်ပြီးတော့ စီးနင်းတာတွေ လုပ်တယ်။ ပြီးတော့ မြန်မာဆိုင်တွေ ဝင်စီးတယ်။ အနေ အထိုင် အသွားအလာ ဆင်ခြင်ကြပါလို့ “ဟုပြောသည်။
မလေးရှားနိုင်ံတွင် ယခုရက်ပိုင်းအတွင်း နိုင်ငံခြားများနေထိုင်သော နေရာများကို ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းနှင့် စက်ရုံများ၊ အလုပ်ရုံများအပါအဝင် နိုင်ငံခြားသားအများအပြားနေထိုင်သည့် နေရာများကို မလေးရှား အာဏာပိုင်းများ က ဖမ်းဆီးနေသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ည ၆ နာရီ ကျောက်လောက်လည်း ထိုင်း – မလေးရှားနယ်စပ် တစ်နေရာမှာ မလေးရှားနိုင်ငံကို ဝင်ရောက်လာသော ကလေးတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၉ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၁၅ ဦးတို့ပါဝင်ပြီး ၎င်းတို့အားလုံးကို မလေးရှား လဝက ဥပဒေနှင့် အရေးယူထားပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။