Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အာရက္ခတပ်တော် ULA/ AA အစိုးရမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေစဉ်။ ဓါတ်ပုံ- Arakan Princess Media

ပလက်ဝအပါအဝင် သိမ်းပိုက်ထားသော မြို့နယ်များအတွင်း အာရက္ခတပ်တော် ULA/ AA အစိုးရမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

ULA/ AA ၏ ပြည်သူ့ အစိုးရမှ ပြီးခဲ့သည့် ဇန်နဝါရီ လမှ စတင်ပြီး မီးသတ်ဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များကို စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး သိမ်းပိုက်ခဲ့သည့် မြို့နယ် ၈ မြို့နယ်နီးပါးတွင် လုပ်ဆောင်ခဲ့သည်။

မြောက်ဦးမြို့ခံတစ်ဦးက “ကျွန်တော်တို့ သိသလောက် ကတော့ မြို့နယ် ၈ မြို့နယ်ကို စတင်လုပ်နေတယ်ပေါ့နော်။ ကြိုတင် ကာကွယ်ပြင်ဆင်မှုတွေ လုပ်တယ်။ ပြီးတော့ အသိပေး စာရွက်စာတမ်းတွေ မျှဝေတယ်။ အသိပညာပေး ဟောပြောတာတွေ အနည်းငယ် လုပ်တာတွေ့ပါတယ်။ မြို့ပေါ်လောက်ပဲ လုပ်တာပေါ့နော်။ နယ်ဖက်တွေမှာ လုပ်တာတော့ မကြားမိဘူး”ဟုပြောသည်။

Arakan Princess Media ကမူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ထားသော ပလက်ဝဒေသနှင့် ရခိုင် ၁၄ ခုရှိ ရပ်ရွာ၊ ဒေသတွေမှာ ULA/AA က လုပ်ဆောင်နေကြောင်း ဆိုသည်။

အာရက္ခတပ်တော် ULA/AA အစိုးရက သိမ်းပိုက်ထားသည့် မြို့နယ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များ လက်တွေ့ ကျကျ လုပ်ဆောင်ရန် လိုအပ်နေကြောင်း မင်းပြားမြို့ခံ တစ်ဦးက ပြောဆိုသည်။

“အခုက နွေရာသီကို ရောက်လာပြီ။ ကျွန်တော်တို့ ရခိုင်မှာ နှစ်စဉ် တစ်ခုမဟုတ်တစ်ခုကတော့ အကြီးအကျယ် မီးလောင်မှုတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ မင်းပြား ဆိုရင်လည်း ကြောက်စရာကောင်းလောက်အောင် မီးလောင်မှုတွေ နှစ်စဉ် ဖြစ်တယ်။ ဆုံးရှုံးမှုကလည်း အရမ်းကြီးတယ်။ ဒီလို မီးလောင်မှု ဖြစ်တာက ကြိုတင်ပြင်ဆင်မှုတွေ အားနည်းလို့ ဖြစ်တယ်။ အဲ့တုန်းက အစိုးရကလည်း သေချာ မကိုင်တွယ်လို့ ဖြစ်တာ။ ULA/AA အစိုးရက အခု ကိုင်တွယ်လာတယ်။ ကျွန်တော်တို့ ကြိုဆိုတယ်။ ဒါပေမဲ့ အပြောသပ်သပ်နဲ့ မဟုတ်ဘဲ။ တကယ့်အလုပ်နဲ့ သက်သေ ပြဖို့ လိုတယ်။ သေချာ စနစ်တကျဆောင်ရွက်ဖို့ လိုတယ်။ စစ်တပ်က သူတို့မှာ စနစ် အရမ်းကောင်းတယ်။ ဒါပေမဲ့ လက်တွေ့က မကျင့်သုံးဘူး။ ဒါတွေကို ချိန်းတွဲပြီး ULA/AA က လက်တွေ့မှာ လုပ်ပြဖို့ လိုတယ်။ ဒါမှ ပြည်သူတွေရဲ့ ယုံကြည့်မှုကို ပိုရလာမှ ဖြစ်တယ်” ဟုပြောသည်။

ထို့အပြင် ULA/AA ပြည်သူ့အစိုးရက ရခိုင်ဒေသအတွင်းက မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက် အစိုးရ၏ မီးသတ်ဌာနက ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်းတို့ကို လုပ်ဆောင်နေပြီး ပြည်သူများလည်း ပူးပေါင်း ပါဝင်ဖို့ ဆော်ဩထားသည်။

အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့်မြို့နယ်များတွင် ယခုတစ်လော ပေါ့်ဆမီးကြောင့် မီးလောင်မှု မကြာခဏ ဖြစ်ပေါ်နေပြီး လာမည့် နွေရာသီမှာလည်း ယခုထက် ပိုပြီး မီးဘေးအန္တရာယ်ကို အလေးထားရန် လိုအပ်နေသည်။

ဆက်စပ်သတင်းများ