ပလက်ဝမြို့နယ်မှာ ဆေးဝါးများပြတ်လပ်နေ၍ အရပ်သားသေဆုံးမှုရှိလာပြီး ဖျားနာသူ၊ ဝမ်းပျက်ဝမ်းလျော့ ရောဂါဖြစ်ပွားနေသူ အများအပြားရှိနေကြောင်းလည်း ကူညီပေးနေသူများထံမှ သိရသည်။
မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင် ဆေးခန်းများရှိသော်လည်း ကျွမ်းကျင်ဝန်းထမ်းများနှင့် ဆေးဝါးများ မရှိသောကြောင့် ရောဂါဖြစ်ပွားသူနေများမှာ ဆေးကုသရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။
လုံလောက်ဆေးဝါးများ မရှိခြင်းကြောင့် ပလက်ဝမြို့နယ် ခိုက်ခါအုပ်စု ကျေးတောရွာမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကလေးက ရိုးရိုးဖျားနာတာပါ။ ဆေးဝါးလည်းမရှိဘူး။ မြို့တက်ပြီးတော့လည်း ဆေးမကုဖြစ်ဘူး။ ပြန်ကောင်းလာမလားဆိုပြီးစောင့်ကြည့်ရင်းနဲ့ တစ်ပတ်အကြာမှာ ရောဂါက အရမ်းဆိုးဝါးလာလို့ မြောက်ဦးဆေးရုံကို သွားတဲ့လမ်းမှာ သေဆုံးခဲ့ရတာပါ။ ပလက်ဝမှာ နောက်ထပ် နေမကောင်းဖြစ်တဲ့သူတွေ အများကြီးရှိပါတယ်။ အဓိက ဒေသမှာ ဆေးရုံဆေးခန်းမရှိတာ၊ ဆေးဝါးမရှိတာတွေကြောင့် ပြည်သူတွေ တော်တော်လေးကို အခက်အခဲဖြစ်နေကြပါတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောပြခြင်းဖြစ်သည်။
ကုန်ခဲ့သည့် ဇန်နဝါရီလကလည်း ပလက်ဝမြို့နယ် ဒိုးချောင်းဝကျေးရွာမှာလည်း ဝမ်းပျက်ဝမ်းလျော့ရောဂါအား အချိန်မီမကုသနိုင်လိုက်၍ အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
“အိန္ဒိယဘက်က ဆေးဝါးနဲ့ စားသောက်ကုန်တွေ သယ်ယူရတာ ခက်ခဲသွားတာရယ်၊ လမ်းပန်းဆက်သွယ်ရေး ခက်အခဲတွေကြောင့်နဲ့ ကျေးလက်ဒေသတွေမှာ ဆေးရုံဆေးခန်းမရှိတာကြောင့် ရောဂါဖြစ်ပွားတဲ့သူတွေဟာ အသက်သေဆုံးဖို့ ရာခိုင်နှုန်းက ပိုများပြားပါတယ်။ အရေးအကြောင်းဆိုရင် ပလက်ဝမှာရှိတဲ့ ဆေးရုံကလည်း ဘာမှမတတ်နိုင်ကြဘူး။ ကျောက်တော် မြောက်ဦးဘက်ကိုပဲ သွားကြရတယ်။ လမ်းခရီးအရမ်းဝေးတော့ လမ်းမှာတင် သေဆုံးရတာပေါ့။ တာဝန်ရှိသူတွေအနေနဲ့ ဆေးဝါးတွေ လုံလုံလောက် ရရှိဖို့ ကူညီပေးစေချင်ပါတယ်” ဟု ပြောသည်။
ပလက်ဝဒေသသည် အာရက္ခတပ်တော် AA ထိန်းချုပ်သော မြို့နယ်တစ်ခုဖြစ်ပြီး ပလက်ဝမြို့နယ်ကဲ့သို့ ရခိုင်ပြည်အတွင်းက AA ထိန်းချုပ်သော မြို့နယ်များမှာ ဆေးဝါးပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းကြီးသည့် ဒဏ်ကို ဆိုးရွာစွာ ခံနေကြရသည်။
ဖေဖော်ဝါရီလ ပထမ အပတ်ကစ၍ အိန္ဒိယဘက်က တင်သွင်းနေသည့် ကုန်စည်းများနှင့် ဆေးဝါးများမှာ အိန္ဒိယ စစ်ဆေးရေးဂိတ်များကို တင်းကျပ်ထား၍ ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ်များမှာ အခက်အခဲဖြစ်ပေါ်နေကြခြင်းဖြစ်သည်။