Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် ဂွမြို့နယ်က အရေပြားရောဂါ ဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူ ၄၀၀၀ ခန့်မှာ ဆေးဝါးများ အကူအညီ လိုအပ်နေကြောင်း ကူညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။

အမျိုးသား ၁၇၉၀ ကျော်၊ အမျိုးသမီး ၂၀၀၀ ကျော်တို့ဖြစ်ပြီး ယင်းအထဲတွင် အသက် ၁၀ နှစ်အောက် ကလေး ၆၀၀ နှင့် အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ကြား ကလေး ၆၀၀၁ ဦးပါဝင်ကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပြောသည်။

“မြေပြင် ဆေးဝါးကုသရေးနဲ့ ထောက်ပံ့ကူညီရေးတွေကို တခြား အသင်းအဖွဲ့တွေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ လုံလောက်တဲ့ ဆေးဝါးမရှိလို့ ကုသမှုမှာ ခက်ခဲနေပါတယ်။ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ မြေပြင်မှာ ဆေးဝါးရှားပါးတာနဲ့ ဆေးဝါးဈေးနှုန်း ကြီးမြင့်နေတာတွေကြောင့် ကူညီရေးလုပ်ငန်းတွေမှာ အခက်အခဲများစွာရှိနေပါတယ်” ဟု အဆိုပါအဖွဲ့က ပြောသည်။

အဆိုပါ အချက်အလက်များမှာ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှာ ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်ဖြစ်ပွားမှု အရေအတွက်နှင့် လွဲကောင်းလွဲနိုင်သလို ယင်းထက် ဦးလည်း ပိုများပြားနိုင်ကြောင်း သိရသည်။

“ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ‌ကွင်းဆင်းစစ်ဆေးတာ၊ စစ်တမ်းကောက်ယူတာ၊ အရေပြားယားနာနဲ့ ပတ်သက်ပြီး ဆောင်ရန်‌ရှောင်ရန် အသိပညာပေးမျှဝေတာတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေက ညွှန်ကြားထားတဲ့ ဆေးဝါးများကို ဝယ်ယူပြီး အရေပြားယားနာ ဝေဒနာခံစားနေရသူတွေဆီ ဖြန့်ဝေကူညီလျှက်ရှိပါတယ်” ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က ပြောသည်။

လွန်ခဲ့သည့် နှစ်လကျော်ကစ၍ အရေပြားရောဂါလိုမျိုး လက်တွင် ပထမဆုံး ယားယံခြင်းများ ဖြစ်ပေါ်ကာ ယင်းကတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားပြီး အနာစိမ်းအနာခြောက်များ ဖြစ်ပွားနေကြသည်ဟု ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။

“အနာတွေဖြစ်ပြီးတော့ ခန္ဓာကိုယ်အနှံ့မှာပျံ့ပြီးတော့ ပြင်းပြင်းထန်ထန် ခံစားနေရတာရှိပါတယ်။ အဓိက ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာက ၁၀ နှစ်အောက် ကလေးတွေ များပါတယ်။ ကလေးတွေမှာ တော်တော်လေးကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ စောစောက ပြောသလို အနာစိမ်း၊ အနာခြောက်ပေါက်ပြီးတော့က အရေပြားတွေ ပျက်စီးပြီးတော့ တော်တော်လေး ခံစားနေရတာမျိုး ရှိပါတယ်။ ကလေးတွေဆိုရင် ဒီလိုစစ်ရှောင်ကာလမျိုးမှာ အဟာရ လုံလုံလောက် မစားသုံးရခါကျတော့ ကိုယ်ခံအားနည်းတယ်။ လက်ရှိမှာ အရေပြားရောဂါလည်း ဖြစ်နေတော့ သူတို့မှာ ရောဂါကို ခုခံနိုင်ဖို့ ကိုယ်ခံအားမရှိတဲ့အခါကျတော့ တချို့ကလေးတွေဆိုလို့ရှိရင် အစားအသောက်တွေ ကောင်းကောင်း မသုံးဆောင်ရလို့ ဝေဒနာခံစားနေရတဲ့ အချိန်မျိုးမှာ မခုခံနိုင်တော့ဘဲနဲ့ အစားအသောက်တွေ မဝင်တော့ဘဲနဲ့ အိပ်ရာထဲမှာ လဲနေရတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်နေတာရှိပါတယ်” ဟု ပြောသည်။

ကိုနိုင်အောင်လင်းက သူ့၏ ပုဂ္ဂိုလ်ရေးအမြင်ဖြင့် ဂွမြို့နယ်မှာ ယခုကဲ့သို့ အရေပြားရောဂါဖြစ်ပွား မြင့်မားခြင်းသည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့်ဟု ပြောသည်။

“ကျနော်တို့ ဂွမြို့နယ်ဆိုတာ ဟိုး… အရင် ရှေ့အစဉ်အဆက်ကတည်းကနေ ကိုယ့်ရပ်ကိုယ့်ရွာ ဒီမြေဒီရွာမှာပဲ နှစ်ပေါင်းကြာရှည်အောင် ရှင်သန်လာတဲ့လူတွေဖြစ်တယ်။ အခု လက်ရှိကာလမှာမှ ဒီလို ဝေဒနာတွေ ခံစားရတယ်ဆိုတော့ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောရမလား။ ဒီ စစ်ကောင်စီက လေယာဉ်တွေ၊ နေဗီတွေက လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးကြဲတာတွေကနေ ယမ်းစိမ်းယမ်းငွေ့တွေက ပြည်သူတွေ သောက်သုံးတဲ့ ရေတွင်း၊ ရေကန်တွေကို ကျပြီးတော့မှ ပြည်သူတွေက အဲဒီရေတွေကို သောက်သုံးပြီးတော့မှ အခုလိုမျိုး ယားနာတွေ၊ တခြား ကျန်းမာရေး ချို့တဲ့ရောဂါတွေ ခံစားလာရတယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။

ဂွမြို့နယ်အပြင် ရခိုင်ပြည်မှာ ပုဏ္ဏားကျွန်း၊ မင်းပြား၊ သံတွဲနှင့် ရမ်းဗြဲဒေသတို့တွင်လည်း အရေပြားရောဂါမျိုးဖြစ်သည့် ခန္ဓာကိုယ် ယားယံခြင်း၊ ဝဲ၊ ခူ စသဖြင့် ဖြစ်ပွားနေကြပြီး ဆေးဝါး အကန့်အသတ်များကြောင့် အလုံးစုံပျောက်ကင်းမှုမရှိကြသေးဘဲ လက်ရှိအချိန်ထိ ဖြစ်ပွားနေကြဆဲဖြစ်သည်။

မင်းပြားနှင့် ပုဏ္ဏားကျွန်းဒေသမှာ ကျေးရွာပေါင်း ၅၀ ထက်မနည်းမှာ ဖြစ်ပွားနေပြီး လူပေါင်း ထောင်ချီရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အရေပြားရောဂါအား အာရက္ခတပ်တော် AA ဆေးအဖွဲ့နှင့် အခြားသော ဆေးပညာနားလည်တတ်ကျွမ်းသူတို့ ပူးပေါင်းပြီး ကုပေးနေကြသည်ဟု သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ