ရခိုင်တွင် ယခင်နှစ်ကများထက် ယခုနှစ် စပါးရိတ်သိမ်းချိန်တွင် အရှုံးပေါ်၍ တောင်သူများမှာ လယ်ယာမြေများကို ထုတ်ရောင်းချလာနေကြကြောင်း လယ်သမားများထံမှ သိရသည်။
ပြီးခဲ့သည့် မိုးရာသီကာလက စပါးစိုက်ပျိုးရန် မြေဩဇာများအပါအဝင် အလုပ်သမားငှားရမ်းခ၊ စက်ယန္တရားများငှားရမ်းခ စသည့် အရင်းအနှီးများများဖြင့် ရခိုင်လယ်သမားများမှာ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသော်လည်း စပါးပေါ်ချိန် စပါးအထွက်နှုန်း ကျဆင်းသွား၍ အရှုံးပေါ်နေကြခြင်းဖြစ်သည်။
မင်းပြားမြို့နယ်မှ လယ်သမားတစ်ဦးက “ဒီနှစ် လယ်သမားတွေရဲ့ ခံနိုင်ရည်က တော်တော်ကျသွားတယ်။ လယ်ရောင်းချင်တဲ့ သူတွေလည်း အများကြီးပဲ။ ရောင်းကြတဲ့ပုံစံက ရှိသမျှအကုန်ရောင်းကြတာတော့ မဟုတ်ဘူး။ ၃ ဧကလောက်ရှိရင် ၁ ဧကကို ရောင်းချင်တာမျိုး။ ဘာလို့လဲဆိုတော့ စိုက်ပျိုးစရိတ်ကြီးလို့ ကိုယ်တနိုင်တပိုင်လေးပဲ လုပ်ချင်တော့တာမျိုးပေါ့။ တစ်နှစ်အတွက် ကိုယ့်မိသားစု သုံးဖို့, စားဖို့ လုံလောက်တဲ့ လယ်ဧကလေးလောက်ပဲ လုပ်ကိုင်ချင်ကြတော့တာ” ဟု ပြောသည်။
လယ်ယာလုပ်ငန်းက မိသားစုစားဝတ်နေရေးအတွက် မဖုံလုံသော်လည်း အခြား လုပ်စရာ စီးပွားရေး သို့မဟုတ် လုပ်ငန်းများ မရှိသည့်အတွက် လယ်ယာလုပ်ငန်းကိုပဲ အရှုံးပေါ်ကာ လုပ်ကိုင်နေရမည်ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
“ဒီနှစ် လယ်လုပ်တဲ့အခါ စုမိဆောင်းမိထားတဲ့ ရွှေစငွေစလေးတွေပါ အကုန်ရင်းပြီးလုပ်တာ။ စပါးပေါ်ချိန် ဘာမှပြန်မရွေးနိုင်ဘူး။ လယ် ၂ ဧကလောက် လုပ်တာ။ စပါးတောင်း ၅၀၀ အသားတင်ရတယ်။ အဲ့စပါးကိုလည်း မရောင်းရဲဘူး။ နောက်နှစ်လယ်လုပ်ရင် အရင်းသွင်းဖို့ ထားထားရတယ်။ ဒီလောက်အရှုံးပေါ်နေတာ ဘာလို့ ထပ်လုပ်မှာလဲ မေးချင်လိမ့်မယ်။ တခြားလုပ်ဖို့ ရွေးချယ်စရာမှ မရှိတာ” ဟု ပြောသည်။



ရခိုင်ပြည်အတွင်း လယ်ယာမြေဈေးနှုန်းမှာ လယ်တစ်ဧက ကို ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၃၀ ကြား ပေါက်ဈေးရှိပြီး လယ်ယာမြေ အနေအထားအပေါ်မူတည်၍ ဈေးအမျိုးမျိုး ပြောင်းလဲနိုင်ကြောင်းလည်း ကျောက်တော်ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။
“လယ်ယာမြေဈေးက လက်ရှိ ၁ ဧက ကို ကျပ်သိန်း ၂၅ ကနေ ၃၀ အတွင်းမှာရှိပါတယ်။ တချို့ လယ်ယာမြေတွေကလည်း ကျပ်သိန်း ၄၀ အထိ ရတဲ့ တောင်သူတွေလည်းရှိကြတယ်။ အဓိက စိုက်ပျိုးနေတဲ့ လယ်ယာမြေတွေဆို ဈေးကောင်းရတယ်ပေါ့လေ။ တချို့မှာဆို တိုက်ပွဲတွေကြောင့် စပါးမစိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေလည်းရှိတယ်။ အဲဒီလယ်တွေကလည်း အခု ထုတ်ရောင်းနေတာကို တွေ့ရပါတယ်။ လယ်သမားတွေက အရှုံးပေါ်တော့ နောက်ထပ် ရင်းနှီးဖို့ ငွေကြေး မတတ်နိုင်တော့ ရောင်းကြတာပေါ့” ဟု ပြောသည်။
ကျေးရွာတစ်ရွာတွင် လယ်သမား ၃၀ ဆိုရှိလျှင် အနည်းဆုံး ၁၀ ဦးက လယ်ယာမြေများကို ထုတ်ရောင်းနေကြပြီး ရခိုင်တစ်ပြည်လုံးအတိုင်းအတာဖြင့် လယ်သမား ၃၀ ရာခိုင်နှုန်းက လယ်ယာမြေများကို ရောင်းချနေကြသည်ဟု သိရသည်။
ရခိုင်တစ်ပြည်လုံး အတိုင်းအတာဖြင့် ၂၀၁၇-၁၈ ခုနှစ် စာရင်းအရ စပါးစိုက်ပျိုးနိုင်သည့် လယ်ဧက ၁၁ သိန်းခန့်ရှိသည့်နက် လက်ရှိတွင် ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်ပြီး အများစုမှာ စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းကြောင့် မစိုက်ပျိုးနိုင်သလို တိုက်ပွဲများကြောင့်လည်း မစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် အရင်းအနှီးများပြားခြင်းကြောင့်လည်း မစိုက်ပျိုးနိုင်သူများ ရှိကြောင်း စုံစမ်းသိရသည်။