ထိုင်းနိုင်ငံအတွင်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံ လွှဲပြောင်းပေးလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ယနေ့တွင် ဖော်ပြသည်။
အမျိုးသား ၁၉၈ ဦးနှင့် အမျိုးသမီး ၂ ဦးပါဝင်သော မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေ ဖေဖော်ဝါရီလ ၂၄ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းဥပဒေအရ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီး အကျဉ်းထောင် အသီးသီးက လွှတ်မြောက်လာသူများဖြစ်ကြောင်းနှင့် နေရပ်ပြန်ပို့ရေးအစီအစဉ်တွင် ၎င်းတို့ကိုယ်တိုင် ဆန္ဒအလျောက်ပါဝင်ခဲ့ကြောင်းလည်း ထိုင်းအာဏာပိုင်များက ပြောသည်။
ထိုင်းအာဏာပိုင်များမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများနှင့် အထောက်အထားမရှိဘဲ ဝင်ရောက်နေထိုင်သူများကို ဆက်တိုက်ဖမ်းဆီးနေပြီး ၎င်းတို့၏ နိုင်ငံအသီးသီးကို ပြန်လည်ပို့ဆောင်နေသည်။
ထိုအထဲတွင် ထိုင်းနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ဦးစားပေးဖမ်းဆီးနေပြီး အာဏာသိမ်း စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများကို ပြုလုပ်နေသည်။
ယခု ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၀၀ မှာ စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူနိုင်မှု ရာခိုင်နှုန်းများကြောင်းလည်း ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
“အခု အပို့ခံရတဲ့ထဲမှာ အမျိုးသားတွေ အများဆုံးပါတာဆိုတော့ သူတို့ဟာ စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူဖို့ များပါတယ်။ ကျန်းမာသန်စွမ်းတယ်ဆိုရင် စစ်ကောင်စီက မ,ပြီပဲ။ ဒါ့ကြောင့် အထောက်ထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဖမ်းမခံရဖို့ကို သတိထားနေရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ တော်တော်လေးကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေတယ်။ မြန်မာပြည် ပြန်ပို့ခံရရင်တော့ စစ်မှုထမ်းရနိုင်ပါတယ်” ဟု ပြောသည်။
ထိုင်း ရနောင်းမြို့ကနေ မြန်မာဖက်ခြမ်း ကော့သောင်းမြို့သို့ ပြန်ပို့ခံရသူအများစုမှာ ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်ထဲသို့ ခေါ်ယူခံနေရကြောင်းလည်း သိထားသူများက ပြောဆိုကြသည်။
“ထိုင်းကနေ ပြန်ပို့လိုက်တဲ့ သူတွေထဲက ဒေသခံမဟုတ်တဲ့ သူနဲ့ ပိုက်ဆံ မပေးနိုင်တဲ့ သူတွေကို တခါတည်း စစ်တပ်က လာခေါ်ပြီး စစ်မှုထမ်းအတွက် ခေါ်သွားတာမျိုးဖြစ်တယ်” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။
စစ်သားအသစ် စုဆောင်းရေး ခေါ်ဆောင်ခြင်းခံရသူများထဲတွင် ကော့သောင်းမြို့ခံဖြစ်ကြောင်း သက်သေပြနိုင်ပါက လွှတ်ပေးခြင်းရှိပြီး ဒေသခံမဟုတ်သူများအား စစ်ကောင်စီက တောင်းရမ်းသည့် ငွေကြေးပမာဏကို ပေးနိုင်ပါက ပြန်လွှတ်ပေးလေ့ရှိကြောင်း သိရသည်။



၂၀၂၄ စက်တင်ဘာလအတွင်းက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်က ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၁၈၆ ဦးမှာ စစ်ကောင်စီက စစ်မှုထမ်းရန် ခေါ်ယူမှုရှိခဲ့ကြောင်းနှင့် ယင်းအထဲက စက်လှေဖြင့် ထွက်ပြေးကြသည့် ၂၇ ဦးမှာ လွတ်မြောက်သွားပြီး ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ ထံ ခိုလှုံခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ဩဂုတ် ၇ ရက်နေ့ကလည်း ထိုင်း ရနှောင်းမြို့မှ ကော့သောင်းမြို့သို့ ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၁၂၆ ဦးကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူသွားကြောင်း ဒေသခံများပြောသည်။
၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့က လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၅၂ ဦးကိုလည်း ထိုင်းအာဏာပိုင်အဖွဲ့က ကော့သောင်းမြို့ကို ပို့ဆောင်ခဲ့ရာတွင် လူငယ် အယောက် ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး ကော့သောင်းမြို့ အခြေစိုက် ခမရ ၂၆၂ တပ်ရင်းသို့ ခေါ်ဆောင်သွားသည်။
ထိုင်းနိုင်ငံအနေဖြင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ဖမ်းဆီးပြီး အာဏာသိမ်း စစ်ကောင်စီထံ ပေးပို့နေခြင်းသည် စစ်မှုထမ်းရန် ပို့နေသလိုမျိုးဖြစ်ကြောင်းနှင့် စစ်မှုထမ်းမှ ရှောင်တိမ်းရောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရအနေဖြင့် ကူညီစောင့်ရှောက်ပေးစေလိုကြောင်း NUCC က ၂၀၂၄ စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန် တောင်းဆိုထားသည်။