အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အာရှအဝေးပြေးလမ်းမကြီး IMTT စီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်လိုသော်လည်း မြန်မာပြည်တွင် အခြေအနေ မငြိမ်သက်မှုများကြောင့် စီမံကိန်းကို ခေတ္တရပ်ဆိုင်းထားရသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟာတီမြို့တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတစ်ခုမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရတ် ဂျိုင်ရှန်ကာ (Jaishankar) မှ ပြောကြားခဲ့ကြောင်း အိန္ဒိယသတင်းဌာန NDTV က ဖော်ပြသည်။
“မြန်မာ့အခြေအနေကြောင့် IMTT အဝေးပြေးလမ်းစီမံကိန်းကို ခေတ္တရပ်ထားပါပြီ။ ဒီ ‘မြန်မာ့မငြိမ်မသက်မှုဟာ အရေးပါတဲ့ ဒီစီမံကိန်းကို တားဆီးဖို့ ခွင့်မပြုနိုင်ပါဘူး။ စီမံကိန်း အခြေအနေ တိုးတက်မှု သေချာစေဖို့အတွက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ရှာရပါမယ်” ဟု Mr Jaishankar က ပြောကြားခဲ့သည်။
ကီလိုမီတာ ၁၄၀၀ ရှည်လျားသည့် အဝေးပြေးလမ်းမကြီးသည် အိန္ဒိယနှင့် အရှေ့တောင်အာရှကို ကုန်းလမ်းဖြင့် ဆက်သွယ်ပေးမည်ဖြစ်ပြီး မဏိပူရပြည်နယ် မိုရေးမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ မြန်မာမှ တဆင့် ဆက်သွယ်မည်ဖြစ်သည်။
သုံးနိုင်ငံ အာရှအဝေးပြေးလမ်းမကြီး IMTT စီမံကိန်းမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လက ၇၀ ရာခိုင်နှုန်းအထိ ပြီးစီးထားပြီဖြစ်ကြောင်းနှင့် အိန္ဒိယ-အရှေ့တောင်အာရှကို ကုန်းလမ်းဖြင့် ချိတ်ဆက်ကာ သုံးနိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလာရေးတို့ကို ဖွံ့ဖြိုးတိုးတက်စေမည်ဟု ပြောသည်။
အာရှအဝေးပြေးလမ်းမကြီး IMTT စီမံကိန်းကို ပြီးစီးရန်နှင့် လည်ပတ်ရန်အတွက် အချိန်သတ်မှတ်ထားခြင်းမရှိသော်လည်း ၂၀၂၉ ခုနှစ်တွင် လည်ပတ်နိုင်ရန် ရည်မှန်းထားခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် စီမံကိန်းမှာ ရပ်တန့်နေရသည်ဟု အိန္ဒိယက ပြောကြားထားခြင်းဖြစ်သည်။