ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိထားသည့် လက်နက်နှင့် ခဲယမ်းများကို တပ်ဖွဲ့များထံ ပြန်လည်အပ်နှံကြရန် CDF မင်းတပ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိထားသည့် လက်နက်များနှင့် ခဲယမ်းများဖြစ်စေ၊ တခြားတနည်းနည်းနှင့် ရရှိထားသော လက်နက်ခဲယမ်းများဖြစ်စေ၊ တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်နှင့် လက်နက်ခဲယမ်းများဖြစ်စေ နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံ အပ်နှံပေးရမည်ဟု CDF မင်းတပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။
CDF မင်းတပ် ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိထားသော လက်နက်ခဲယမ်းများကို မတ်လ ၁၅ ရက်နေ့ မတိုင်မီ အပြီးအစီး အပ်နှံပေးရမည်ဟု သိရသည်။
သတ်မှတ်ရက် ကျော်လွန်ပြီး လက်နက်ခဲယမ်းများကို လက်ဝယ်ထားရှိခြင်း၊ ကိုင်ဆောင်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်သည်ကို တွေ့ရှိရပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟုလည်း CDF မင်းတပ်က သတိပေးထားသည်။



ယင်းအပြင် ပြည်များအနေဖြင့် လက်နက်ခဲယမ်းများကို ဝယ်ယူထားကြောင်း ခိုင်လုံမှုရှိပါက တန်ဖိုးအတိုင်း ငွေကြေးများ ထုတ်ယူနိုင်ကြောင်းလည်း သိရသည်။
ပြည်သူများထံ ပြန့်ကြဲနေသော လက်နက်ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်နေကြောင်းလည်း CDF မင်းတပ်က ဆိုသည်။
ချင်းပြည်နယ် မင်းတပ်မြို့ကို CDF မင်းတပ်သည် အခြားသော မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှာ သိမ်းယူခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် စစ်ဘေးရှောင်များအား မြို့ထဲမှာ ပြန်လည်နေထိုင်ခြင်းကို ခွင့်ပြုပေးခဲ့သည်။