(တရားခံ ထွက်ပြေး လွတ်မြောက်နေ)
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် ရှေးဟောင်း မြောက်ဦးမြို့တော်ရှိ သျှစ်သောင်းဘုရားအတွင်း ဘုရားအလှူငွေများ ဓါးပြတိုက်ခိုက်ခံရစဉ် ဘုရားဂေါပကတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
မင်းပြားဒေသခံ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် သျှစ်သောင်းဘုရားက အလှူငွေများကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေ့လယ်ပိုင်းတွင် ဓါးပြတိုက်ပြီး တောင်းယူရာမှာ ဘုရားဂေါပက မပေးနိုင်ဟု ငြင်းဆို၍ ဓါးဖြင့် ခုတ်သတ်ခံလိုက်ရကြောင်း သိရသည်။
အသတ်ခံရပြီး သေဆုံးသွားသော ဘုရားဂေါပကမှာ အသက် ၆၀ အရွယ် ဦးအောင်မြင့်ဇော် ဖြစ်ပြီး မြောက်ဦးမြို့ခံတစ်ဦးဖြစ်သည်။
မြောက်ဦးမြို့ခံတစ်ဦးက “လူလတ်ပိုင်း အမျိုးသားတစ်ဦးဟာ ဓါးရှည်တစ်လက်ကိုင်ဆောင်ပြီး သျှစ်သောင်းဘုရားက အလှူငွေကို ဓါးပြတိုက်ပါတယ်။ ဘုရားဂေါပအဖွဲ့ဝင် ဦးအောင်မြင့်ဇော်မှာ မပေးနိုင်ဟု ငြင်းတဲ့အတွက် ဓါးနဲ့ ခန္ဓာကိုယ်၊ လည်ပင်းတွေကို ခုတ်သတ်သွားပါတယ်။ အခု သတ်သွားတဲ့သူကို ဖမ်းဆီးဖို့ တပ်တော်က လိုက်လံရှာဖွေနေပါတယ်” ဟု ပြောသည်။
သျှစ်သောင်းဘုရားဂေါပက ဦးအောင်မြင့်ဇော်ကို သတ်ဖြတ်သွားသူမှာ မင်းပြားဒေသခံဖြစ်ပြီး မြောက်ဦးမြို့တွင် အိမ်ထောင်ကျနေသူဖြစ်ကြောင်းနှင့် ၎င်း၏နေရပ်လိပ်စာကို စုံစမ်းနေဆဲဖြစ်သည်။
နောက်ထပ် မြို့ခံတစ်ဦးက “သျှစ်သောင်းဘုရားအတွင်းမှာက နေ့လယ်နေ့ခင်းဆို လူပြတ်လပ်တာတွေ ရှိပါတယ်။ အရင်လိုတော့ ဘုရားဖူးဧည့်သည်တွေက သိပ်မလာဖြစ်ဘူး။ အဓိကတော့ လေကြောင်းအန္တရာယ်တွေကြောင့် မလာကြတာဖြစ်ပါတယ်။ ပုံမှန် ဒီအချိန်ဆို ဘုရားဖူး ဧည့်သည်တွေနဲ့ စည်ကားနေတဲ့ သျှစ်သောင်းဘုရား ဖြစ်ပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက ဦးအောင်မြင့်ဇော်ကို သတ်ဖြတ်သွားသော အမည်မသိရသေးသည့် ဓါးပြကို လိုက်လံရှာဖွေနေပြီး ယနေ့အချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
ဦးအောင်မြင့်ဇော်၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက “သတ်သွားတဲ့သူကို အမြန်ဆုံး ဖမ်းစေချင်ပါတယ်။ တရားမျှတမှုအတွက် တောင်းဆိုပါတယ်” ဟု ပြောသည်။
အဆိုပါ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး Western News က ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား ဆက်သွယ်နေဆဲဖြစ်သည်။
မြောက်ဦး-ကျောက်တော် ကားလမ်းမ တောင်ဦးကျေးရွာအနီး လင်းမွေတောင် ခြေရင်းတွင်လည်း ယခုနှစ်အတွင်း အုပ်စုဖွဲ့ ဓါးပြတိုက်ခိုက်မှု အနည်းဆုံး ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းနှင့် ဒေသခံပြည်သူများမှာ သွားလာရေး စိုးရိမ်လျှက်ရှိနေကြသည်။
“ဓါးပြတိုက်တာ၊ ခိုးဆိုးလုယက်တာတွေ အဖြစ်များလာတာက အဓိကတော့ ပြည်သူတွေက ငတ်ပြတ်ကြလို့ပေါ့နော်။ ပြီးတော့ တရားဥပဒေ အားနည်းတာလည်း ပါတာပေါ့။ အဆိုးဆုံးက ပြည်သူတွေမှာက အလုပ်အကိုင်တွေမရှိ၊ စားဖို့သောက်ဖို့ မရှိကြဘူး။ ကုန်ဈေးနှုန်းတွေကလည်း အရမ်းကြီးနေတာဆိုတော့ ခိုးမယ်ဝှက်မယ်။ တောင်းစားမယ်။ နောက်မရရင် လူသတ်၊ ဓါးပြတိုက်မယ် ဒါတွေ ဖြစ်လာတော့။ ဒါကို လက်ရှိ စီမံအုပ်ချုပ်နေတဲ့ သူတွေက ပြည်သူတွေ ဖုံလုံရေးအတွက် ဖြေရှင်းမယ့် နည်းလမ်းတွေ ရှာပေးရပါမယ်။ နောက်ဆို ဒီထက် ပိုဆိုးလာနိုင်တယ်” ဟု ထောက်ပြသူတစ်ဦးက ဆိုသည်။
ယခင် စစ်ကောင်စီ အုပ်ချုပ်စဉ်က ရခိုင်ပြည်အတွင်း လူသတ်၊ ဓါးပြတိုက်မှုများ မရှိခဲ့သော်လည်း လက်ရှိတွင် ဒေသခံပြည်သူများမှာ စားဝတ်နေရေး အလွန်ကျပ်တည်းလျှက်ရှိသည့် နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဖြစ်ကြောင်းလည်း သိရသည်။