Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပုဏ္ဏားကျွန်းဒေသမှာ သောက်သုံးရေ ရှားပါးနေသည်ကို ယခုနှစ် ၂၀၂၅ ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။ (ဓါတ်ပုံ - Cherry Twan/ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး PYA)

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသများတွင် သောက်သုံးရေ ပြတ်လပ်မှု တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာပြီး ဒေသခံပြည်သူများမှာ နေ့စဉ် ရေရှားပါးသည့်ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

“နှစ်တိုင်းလိုလိုပင် ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒီနှစ်မှာဆို ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရေရှားပါးမှုဒဏ်ကို အကြီးအကျယ်ခံနေရတယ်။ စစ်ရှောင်တွေ များလာတာနဲ့အတူ ဒေသခံတွေပါ သောက်စရာရေ၊ မိုးလင်းရင် မျက်နှာသစ်ဖို့ ရေကအစ မရှိလောက်အောင်ကို ရှားပါးနေတာဖြစ်ပါတယ်။ ထိုင်လို့ မနေနိုင်လောက်အောင်ပူတဲ့ နွေရာသီမှာ ရေမရတဲ့ ဒုက္ခက ပုဏ္ဏားကျွန်းဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် တစ်ပူမှာ နှစ်ပူဆင့် ဖြစ်ရပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့လူငယ်များအစည်းအရုံး PYA က ပြောသည်။

ပုဏ္ဏားကျွန်းဒေသမှာရှိသည့် ရေတွင်းရေကန်များမရှိသော စစ်ဘေးရှောင်စခန်းများမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစ၍ သောက်သုံးရေ စတင်ရှားပါးလာနေပြီး အခြားသော ကျေးရွာများတွင်လည်း ရေတွင်းရေကန်များ ခမ်းခြောက်လာနေကြောင်း သိရသည်။

“ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဒီရေရှားပါးမှုပြဿနာကို ကူညီဖြေရှင်းဖို့ အကူအညီတွေ လိုအပ်နေပါပြီ။ အဝါရောင် ဂါလံဘူးနဲ့ ရေတစ်လုံးရဖို့ ၁ မိုင်လောက်ရှိတဲ့ ခရီးကို မိုးလင်းတစ်ခေါက်၊ ည တစ်ခေါက်စီ လူကြီးလူငယ် မရွေး လမ်းလျှောက်ပြီးတော့ သွားနေရပါတယ်။ ဒါပေမယ့် အဲလောက်အဝေးကြီး သွားခပ်တာတောင် ဗူးမှာ အပြည့်အမရတဲ့ သူတွေရှိတယ်။ အကန့်အသတ်နဲ့ ရေခပ်ယူနေရပါတယ်” ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး PYA က ဆိုသည်။

ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းဘေးရှိ ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ ကျင်တလင်းကျေးရွာတို့အပါအဝင် ရွာပေါင်း ၅၀ ခန့်မှာ နှစ်စဉ် ရေရှားလေ့ရှိကြောင်း သိရသည်။

“တချို့ကျေးရွာက တစ်လလောက်ပဲ လုံလောက်တော့တယ်။ တချို့ရွာကျတော့ သောက်သုံးဖို့ ရေလုံးဝမရှိဘူး။ အကျန်အကြွင်း ရေနောက်ကိုပဲ အသုံးပြုနေရတယ်။ အများစုက ရေကန်တွေမှာ ရေတွေ ခမ်းခြောက်လာပါပြီ” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းဒေသက သောက်သုံးရေ ရှားပါးမှုပြဿနာကို အာရက္ခပြည်သူ့အစိုးရက ကူညီဖြေရှင်းပေးနေသော်လည်း ဒေသခံပြည်သူများမှာ အကူအညီလိုအပ်နေသေးသည့်အတွက် အလှူငွေများထည့်ဝင်ကာ အတူတူဖြေရှင်းကြရန် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက အကူအညီတောင်းခံထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ပုဏ္ဏားကျွန်းဒေသမှာ ကျေးရွာပေါင်း ၆၀ ထက်မနည်း ရေရှားပါးမှုဒဏ်ကို ခံခဲ့ရပြီး ကလေးငယ်အများစုမှာ သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ဝမ်းပျက်ဝမ်းလျှော့ရောဂါများ ခံစားခဲ့ရကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့အနီးမှာ ရေလှောင်ကန်ရှိသော်လည်း အနီးအနား ကျေးရွာများကို ရေမဖြန့်ဖြူးနိုင်သည့်အပြင် မြို့ထဲမှာတောင် လုံလုံလောက်လောက် ရေမရရှိကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်။

“ဂူဝ ရေလှောင်ကန်ကလည်း နွေမကုန်ခင်မှာပဲ ရေက ခမ်းခြောက်တတ်တယ်။ အခုလည်း ရေက ခမ်းခြောက်နေပြီ။ ပုဏ္ဏားကျွန်းမြို့မှာလည်း အရင်က မြို့လူဦးရေးထက် ပိုများလာတယ်။ စစ်ရှောင်တွေလည်း ရှိတော့ ရေသုံးစွဲမှုက ပိုများမယ်ထင်ပါတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းဒေသ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) ကလည်း ရေရှားပါးသော ကျေးရွာများအား သောက်သုံးရေ ဖြန့်ဝေနိုင်ရန် အကူအညီတောင်းခံနေသည်။

ရခိုင်ပြည်မှာ နွေရာသီရောက်တိုင်း ပုဏ္ဏားကျွန်းမြို့အပြင် အခြားသော မင်းပြား၊ ပေါက်တောနှင့် မြေပုံမြို့နယ်တို့အပါအဝင် မြို့အများစု ရေရှားပါးလေ့ရှိပြီး မြို့တော်စစ်တွေမြို့မှာတောင် သောက်သုံးရေ ပြတ်လပ်ကြောင်း သိရသည်။

စစ်ကောင်စီက မဖြေရှင်းနိုင်ခဲ့သော ရခိုင်ပြည်၏ သောက်သုံးရေရှားပါးမှု ပြဿနာကို လက်ရှိ အာဏာပိုင်အဖွဲ့အစည်း အာရက္ခတပ်တော် AA က ဖြေရှင်းနိုင်လိမ့်မည်ဟု ဒေသခံပြည်သူများက မျှော်လင့်နေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ