ရခိုင်ပြည် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးများကို စျေးအဆမတန် မြှင့်တင်ရောင်းချနေမှုကြောင့် လူနာများအခက်တွေ့လျှက်ရှိနေသည်ဟု ဆေးကုသမှုခံယူနေသည့် လူနာများထံမှ သိရသည်။
ဆေးရုံတွင်းရောင်းချသည့် ဆေးဝါးများမှာ စျေးနှုန်း အတည်တကျမရှိခြင်းနှင့် ပြင်ပဆေးဝါးများထက် စျေးပိုမြင့်တင်ပြီး လူနာများ မဖြစ်မနေ ဝယ်ယူနေကြရကြောင်း လူနာအမျိုးသမီးတစ်ဦးက ပြောသည်။
“ဆေးဝါးစျေးတွေက တစ်ယောက်ကို ပေးလိုက်တဲ့စျေးနဲ့ နောက်တစ်ယောက်ကို ပေးတဲ့ စျေးတွေက ကွာနေတာတွေရှိတယ်။ ရောင်းတဲ့ သူနာပြုရဲ့ ပါးစပ်ကထွက်တဲ့ စျေးပဲဖြစ်နေတယ်။ ပြီးတော့ ပြင်ပဆေးဆိုင်တွေထက် စျေးပိုတယ်။ ကျမ ဆေးရုံက ဝယ်လာတဲ့ ပိုးသတ်ဆေးနဲ့ တစ်ခြားချောင်းဆိုး ဝေဒနာသက်သာစေတဲ့ ဆေးရဲ့ စျေးတွေကို ပြင်ပဆေးဆိုင်တွေမှာ မေးကြည့်တော့ စျေးကွာနေတာလည်း တွေ့ရတယ်” ဟု ပြောသည်။
ပြင်ပဆေးဆိုင်များ၌ ၂၀၀၀ ကျပ်ရှိသည့် ဆေးထိုးအပ်တစ်ချောင်းကို မြောက်ဦးဆေးရုံကြီးတွင် ၃၀၀၀ ကျပ်၊ ပြင်ပဆေးဆိုင်များ၌ ၁၂၀၀၀ ကျပ်ရှိသည့် ပိုးသတ်ဆေးတစ်ကဒ်ကို ဆေးရုံကြီး၌ ၁၃၀၀၀ ကျပ်၊ ပြင်ပဆေးဆိုင်များ၌ ၅၀၀၀ ကျပ်ရှိသည့် ဗီတာမင်စီ ၁၅ လုံးပါ တစ်တွဲကို ဆေးရုံကြီး၌ ၇၀၀၀ ကျပ် စသဖြင့် အသီးသီး ဈေးမြှင့်တင်ရောင်းချနေကြောင်း သိရသည်။
မြောက်ဦးပြည်သူ့ဆေးရုံးကြီး၏ ဆေးဝါးများနှင့် ကုသရေးပစ္စည်းများမှာ ပုံမှန်ဈေးမရှိဘဲ ဝယ်ယူသူအပေါ်လိုက်၍ ဈေးအပြောင်းအလဲရှိကြောင်း လူနာများထံမှ သိရသည်။
ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများကို ရောင်းရာတွင်လည်း ဆေးဝါးတစ်ခုချင်းစီအလိုက် ကျသင့်စျေးနှုန်းများအတွက် ပြေစာ (ဘောက်ချာ) များလည်း ပေးခြင်းမရှိဟု ဆေးကုသမှုခံယူနေသည့် လူနာရှင်တစ်ဦးက ပြောသည်။
“ဆေးဝယ်ရင် လိုအပ်လို့ ဘောက်ချာတို့ ဘာတို့ တောင်းရင်လည်း မရပါဘူး။ လာထုတ်တဲ့ ဆေးအားလုံးပေါင်း ဘယ်လောက်ကျတယ်လောက်ပဲ သိတယ်။ တစ်ခါတစ်ခါ ထုတ်ခိုင်းတဲ့ ဆေးတွေ အပြည့်မပါတာတို့လည်း ရှိတယ်။ ဒီလိုကျရင် ဘောက်ချာလည်းမရတော့ ပြန်ပြောဖို့က ခက်တယ်။ ဒီလိုမျိုး ဆေးရုံတက်သူတိုင်းနီးပါး ကြုံရတယ်” ဟု ပြောသည်။
စစ်ကောင်စီ အုပ်ချုပ်စဉ်က အမူအကျင့်တစ်ခုဖြစ်သည့် ဆေးရုံက ဝန်ထမ်းများနှင့် ပြင်ပဆေးဆိုင်များ ပေါင်းပြီး ဆေးရုံတွင် အခမဲ့ရသော ဆေးဝါးများကို ပြင်ပဆေးဆိုင်များ၌ ဝယ်ယူရသည့် အခါလည်းရှိကြောင်း နောက်ထပ် လူနာရှင်အမျိုးသားတစ်ဦးက ပြောသည်။
“တချို့ဆေးတွေက ဆေးရုံကြီးမှာ အခမဲ့ ရတဲ့ဟာကို ဆေးရုံဝန်ထမ်းတွေက ထုတ်မပေးဘဲ ပြင်ပဆေးဆိုင်တွေက ဝယ်ခိုင်းတယ်။ ခန္ဓာကိုယ်အားဖြည့်တဲ့ တိုင်ထူရတဲ့ ဆေးရည်ဗူးတွေဆိုရင် ဆေးရုံမှာ အခမဲ့ ပေးရမှာ။ ဒါကို အပြင်ကနေ ဝယ်ခိုင်းတယ်။ ဆေးရုံကြီးရှေ့မှာ ပေါင်းလုပ်စားနေတဲ့ ဆေးဆိုင်တစ်ဆိုင်ရှိတယ်။ ဆေးဆိုင်နာမည်တော့ မပြောတော့ဘူး။ အဲဆိုင်က ဝယ်မှ ရမယ့် ဆေးမျိုး။ သွားဝယ်ရတယ်။ ဆေးရုံကို ပေးရတယ်” ဟု ပြောသည်။
ဆေးရုံ၏ လည်ပတ်ပုံစနစ်မှာ စစ်ကောင်စီ အုပ်ချုပ်စဉ်ကနည်းတူ ဖြစ်နေပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရခြင်းမှာ ထူးခြားမလာကြောင်းလည်း ပြောဆိုကြသည်။