ရခိုင်ပြည် မအီဒေသနှင့် အခြားမြို့များကို ပို့ဆောင်ရန် ရန်ကုန်မြို့က သယ်လာသော မူးယစ်ဆေးဝါးများကို ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဘူးဘက်ကျေးရွာအနီးမှာ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးမှာ စိတ်ကြွဆေးပြား ၁၀ ဒသမ ၂ သိန်းဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁ ဒသမ ၅၃ ဘီလီယံခန့် တန်ဖိုးရှိကြောင်း စစ်ကောင်စီက ဆိုသည်။
သတင်းပို့ပေးချက်အရ ဘူးဘက်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်း၊ ကျော်ဆန်းမင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေနှင့် ကြည်ကြည်ခိုင် တို့ကို ပထမဆုံး ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့ကို စစ်ဆေးမေးမြန်းချက်အရဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်မြို့ရှိ ကုန်းမြင့်သာတည်းခိုခန်းက ကျော်ဝင်းနှင့် သောင်းထွန်းတို့ကိုပါ ဆက်လက် ဖမ်းဆီးခဲ့သည်။



ကျော်ဝင်း၏ ထွက်ဆိုချက်အရ နောက်ထပ် ကျော်လင်းနှင့် စိုင်းကျော်လှ တို့ကို ဖမ်းဆီးရန် ကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့ကို ရှာဖွေနေကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
ကျော်လင်းနှင့် စိုင်းကျော်လှ တို့သည် ကျော်ဝင်းအဖွဲ့ကို ကျပ်သိန်း ၈၅၀ ပေးကာ အဆိုပါ မူးယစ်ဆေးဝါးများကို ရန်ကုန်သို့ ပို့ဆောင်ခိုင်းခဲ့သည်။
ရန်ကုန်မြို့မှတစ်ဆင့် ရခိုင်ပြည် မအီမြို့ ဒေသသို့ ပို့ဆောင်ရန် ခင်မောင်မြင့်ရွှေအား ကျပ်သိန်း ၃၅၀ ဖြင့် ငှါးရမ်းခဲ့ကြောင်း ကျော်ဝင်းက ထွက်ဆိုထားသည်။
ယခု ဖမ်းဆီးရမိသော ကျော်ဝင်းထွန်း၊ ကျော်ဆန်းမင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေ၊ ကြည်ကြည်ခိုင်၊ ကျော်ဝင်း၊ သောင်းထွန်းတို့ကို စစ်ကောင်စီက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းနှင့် လွတ်မြောက်နေသော ကျော်လင်းနှင့် စိုင်းကျော်လှတို့ကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေသည်ဟု သတင်းထုတ်ပြန်ထားသည်။