Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့အနီးတွင် ဗဟိုပြု၍ အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင် ၃ ကြိမ်လှုပ်ခတ်မှု မအူပင်မြို့ပေါ်ရှိ ဗုဒ္ဓဆင်းထုတော်၊ ဘုန်းကြီးဆောင်နှင့် နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၄ နာရီ ၃၆ မိနစ်မှစတင်ပြီး အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များ ဆက်တိုက် လှုပ်ခတ်ခဲ့ရာ မအူပင်မြို့ပေါ် စိမ်းမြကန်သာဘုရားပင်မဆောင် ပြိုကျသွားကြောင်း ဒေသပြည်သူများက ပြောသည်။

မတ်လ ၅ ရက်နေ့ နံနက် ၄ နာရီ ၃၆ မိနစ်အချိန်တွင် အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်၊ နံနက် ၄ နာရီ ၅၄ မိနစ်အချိန် အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်၊ နံနက် ၅ နာရီ ၂၀ မိနစ်အချိန် အင်အား ၃ ဒသမ ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့သည်။

ထို့အပြင် ထပ်မံ၍ နံနက် ၅ နာရီ ၂၃ မိနစ်အချိန် အင်အား ၃ ဒသမ ၁ အဆင့်ရှိ ငလျင် စုစုပေါင်း ငလျင် ၄ ကြိမ် လှုပ်ခတ်ခဲ့မှုကြောင့် မအူပင်မြို့ပေါ် စိမ်းမြကန်သာဘုရားပင်မဆောင် ပြိုကျပြီး ဘုန်းကြီးဆောင်နှင့် နေအိမ်တချို့ ပျက်စီးသွားသည်။

လှုပ်ခတ်သွားသော ငလျင်ကြောင့် မအူပင်မြို့ပေါ်မှ စိမ်းမြကန်သာ သတ္တဌာနဘုရား မဟာဗောဓိလိုဏ်အတွင်း မှန်တံခါးမကြီး ကွဲကျခြင်း၊ အက်ကြောင်းများ ဖြစ်ပေါ်ခြင်း၊ စေတီမကြီး ပတ်လည်အောက်ခြေတွင် အက်ကြောင်းများဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် အရှေ့ဘက်မုဂ်ဦးစေတီ ၃ဆူအောက်ခြေအက်ကြောင်း ဖြစ်ပေါ်ခြင်း၊ ၁၀၈တောင်ဘုရား အရှေ့တောင်ခြမ်းပြိုကျခြင်း၊ အမတော်မမြစိမ်းနန်း အုတ်နံရံပြိုကျခြင်း၊ ဂိုဒေါင်နံရံများပွင့်ထွက်ခြင်း ပျက်စီးသွားကြောင်း စိမ်းမြကန်သာဂေါပကအဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ မအူပင်၊ ဇောတိကာရုံကျောင်း ဘုရားဆောင် အမောက် ကွန်ကရစ်ပြား၊ စိန်းလွန်း ရိပ်သာ လှေကားဆောင်အမိုးပေါ် ပြုတ်ကျသောကြောင့် စွန်းလွန်းရိပ်သာ ရှေ့ နေကာ အမိုး တစ်ဝက် ပြိုကျသွားခဲ့သည်။

မအူပင်မြို့ ၂ရပ်ကွက်ဘောလုံးကွင်းအုတ်တံတိုင်းနှင့် စိန်ဟင်္သာကျောင်းဆောင်တချို့ ပြိုကျခဲ့ပြီး ပြည်ထောင်စု သာမဏေကျော် စာသင်တိုက်အတွင်းတွင်လည်း ကျောင်းဆောင်တချို့ ပြိုကျခဲ့ကြောင်း သိရသည်။

မအူပင်မြို့ခံတစ်ဦးက “ဒဏ်ရာရတဲ့သူတော့ မကြားမိသေးဘူး။ ငလျင်ကတော့ ဆက်တိုက် လှုပ်တာ အတော်ကို ပြင်းတယ်။ မအူပင်နားကို ကပ်လှုပ်နေတာ။ လူတွေက အိမ်တွေထဲ မနေရဲဘဲ အပြင်ထွက်ပြီး နေရတယ်” ဟု ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း လှုပ်ခတ်သော ငလျင်ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ခံစားခဲ့ရပြီး အထူးသဖြင့် အထပ်မြင့်တိုက်တာများ များပြားသော စမ်းချောင်း၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင် အပါအဝင် မြို့နယ်များတွင် သိသိသာသာ ခံစားသိရှိရသည်။

စမ်းချောင်းမြို့နယ်၊ မင်းလမ်းအတွင်း နေထိုင်သူတစ်ဦးက “ငလျင်လှုပ်တာက တိုက်တွေ ယိမ်းထိုးနေတယ်။ အတော်သိသာတယ်။ အဲဒါပြီးတော့ ခပ်ဖြည်းဖြည်းလေး ထပ်လှုပ်နေတာ ခံစားသိရတယ်” ဟု ပြောဆိုသည်။

1 Comment

Comments are closed.

ဆက်စပ်သတင်းများ