မြန်မာ ကျောင်းသားများ အတွက် ပေးအပ်ထားသော Diversity and Inclusion Scholarship Program (DISP) ပညာတော်သင်ဆု ဒေါ်လာ ၄၅ သန်း ကို ရပ်ဆိုင်းနိုင်ခဲ့မှုအတွက် အမေရိကန်သမ္မတ ထရမ့်က ချီးကျူးပြောဆိုသည်။
မြန်မာပြည်မှ ကျောင်းသားများအတွက် ပညာသင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်း ပေးနေမှုအား အီလွန်မတ်စ် ဦးဆောင်သော အမေရိကန်အစိုးရ အစွမ်းထက်မှုဌာန (DOGE)က ဖြတ်တောက်ခဲ့မှု အပေါ် ထရမ့်က ချီးကျူးပြောဆိုခြင်း ဖြစ်သည်။
မြန်မာစံတော်ချိန် မတ်လ ၅ ရက်နေ့ နံနက်ပိုင်း အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ပြောကြားသော မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ထရမ့်က ၎င်းတို့အစိုးရ အနေဖြင့် စတင် အာဏာရယူလာသည်နှင့် အမေရိကန်များပင် မသိသော အမေရိကန်ပြည်သူများ၏ အခွန်ငွေကြေးသုံးစွဲနေမှုများကို ဖြတ်တောက်ခဲ့ရာတွင် ယင်းကဲ့သို့ ရပ်ဆိုင်းနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတထရမ့်က မြန်မာကျောင်းသားများအတွက် (DISP) အစီအစဉ်ဖြင့် ပေးအပ်ထားသော အမေရိကန်ဒေါ်လာ ၄၅ သန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပညာသင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်းမှာ မြန်မာကျောင်းသားတွေအတွက် ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ၂၀၂၃ -၂၀၂၄ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။