Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ဖမ်းဆီး ရှိသော မူးယစ်ဆေးဝါးများ တရားခံများ။ ဓာတ်ပုံ/- CCDAC

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နှင့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်များမှာ ငွေကျပ် ၂၅ဘီလီယံကျော် တန်ဖိုးရှိသော မက်သ်အဖက်တမင်း (ICE)နှင့် ဘိန်းဖြူ မူးယစ်ဆေးများ ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်နေ့ ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ALPHARD ယာဉ်နှင့် အတူ နေမျိုးထက်ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်များအရ ယခုကဲ့သို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းလို့ ဆိုသည်။

တာမွေမြို့မရဲစခန်းမှ မူးယစ်တရားခံပြေး ဇော်မြတ်ထွန်း ရှမ်းပြည်နယ်ကနေ ရန်ကုန်ကိုမူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း သတင်းရရှိ၍ ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ လုပ်နေချိန် ယင်းကဲ့သို့ ဖမ်းဆီး ရရှိခြင်းဟု အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီက ဆိုသည်။

ALPHARD ကားပေါ်က မက်သ်အဖက်တမင်း (ICE) ၄၄၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖော်ထုတ်ချက်များအရ ရှမ်းတောင်၊ ဝမ်ဟိုင်းကနေ ရန်ကုန်မြို့ကို မက်သ်အဖက်တမင်း(ICE) ၇၀၀ ကီလိုကို ငွေကျပ်သိန်း ၁၀၅၀ နှင့် တာဝန်ခံ သယ်ဆောင်ခဲ့သူ ဇော်မြတ်ထွန်း၊ ကျော်သူရစိုး၊ ကျော်သူဝင်း နဲ့ စိုင်းအောင်သူရတင် တို့ကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ဆိုသည်။

ရန်ကုန်ကနေ မြဝတီမြို့ကို ပို့ဆောင်မည့် မက်သ်အဖက်တမင်း(ICE) ၂၆၀ ကီလိုနှင့် ဘိန်းဖြူ ဘလောက်တုံး ၁၆၈ ကီလိုကို လက်ခံထားသော အောင်ဇော်ဝင်း ကို မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်ကားဝင်းတွင် ဖမ်းမိခဲ့ကြောင်း ဖမ်းမိသူများ၏ ထုတ်ဖော်ချက်အရ သိရသည်။

ထို့အပြင် ဆက်စပ်ဖမ်းမိသူများ အနေဖြင့် သူရိန်ထွန်း(ခ)သူရထွန်းကို ကမာရွတ်မြို့နယ်က ဟိုတယ်တွင်၊ ထက်နိုင်(ခ)ကိုကိုဝင်းသူကို ရပ်စောက်မြို့တွင်၊ ရဲမြင့်သိန်းကို အောာင်ပန်းမြို့တွင် ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုကိုဝင်း ကို ရေတာရှည်မြို့နယ်တွင်၊ ရင်ပိုက်ဦး(ခ)ရန်ပိုင်(ခ)လွှမ်းပိုင် ကို ပုသိမ်မြို့တွင် အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီက ဆိုသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး စုစုပေါင်း မက်သ်အဖက်တမင်း(ICE) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၀၀ တုံး အလေးချိန် ၁၆၈ ကီလိုသည် ဒေသကာလတန်ဘိုး ငွေကျပ် ၂၅ဒသမ ၅၈ဘီလီယံ ( သိန်းပေါင်း ၂သောင်း ၅ထောင်ကျော်) တန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ