Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ULA/AA က သိမ်းပိုက်ထားသည့်မြို့နယ်များတွင် ဂိတ်များတွင် ဖြတ်သန်းသွားလာနေသူများ စစ်ဆေးနေစဉ်/ ဓါတ်ပုံ - APM

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော မြို့နယ်များတွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး တစ်ချို့နေရာများတွင် ဈေးနှုန်းများမှာ အဆမတန် မြှင့်တင် ရောင်းချနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ကထက် ယခု ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာနေပြီး ဒေသအတွင်း ထုတ်ကုန်များ မရှိသည့်အပြင် အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်က ဝင်လာသည့် ကုန်ပစ္စည်းများမှာလည်း မြင့်တက်နေသည်။

ယင်းကဲ့သို့ ဖြစ်ရသည့်အကြောင်းအရင်း နှစ်ချက်မှာ ကုန်သည်များက ကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေသလို နောက်တစ်ချက်မှာ ULA/AA က ကုန်ဈေးနှုန်းများကို မထိန်းချုပ်သေးကြောင်းဟု ကုန်သည်များက ပြောသည်။

ရခိုင်ပြည်အတွင်း ကုန်သည်တစ်ဦးက “ဒီလိုဖြစ်တာက နှစ်ပိုင်းရှိတာပေါ့နော်။ ပထမတစ်ပိုင်းက ကုန်ပစ္စည်းတွေကို ပြည်မဖက်က တင်ပို့နေတာတွေကို ရပ်တန့်နေတာတွေ၊ ဒုတိယတစ်ပိုင်းက ကုန်ဈေးနှုန်းတွေကို ULA/AA သေချာ ကိုင်တွယ်ကြပ်မတ် မပေးတာတွေ။ အဓိက ကုန်ဈေးနှုန်းတွေ မထိန်းချုပ်နိုင်တာတွေ။ အခွန်ခတွေ တစ်နေရာနဲ့ တစ်နေရာမတူတာတွေ။ တစ်ချို့ အခွန်ခတွေ သိန်းချီပေးနေရတယ်။ ဥပမာ ပလက်ဝဂိတ်မှာ အခွန်ပေးပြီးသားဟာကို ကျောက်တော်ဂိတ်မှာ ထပ်ပေးရတယ်။ ပြီးတော့ မင်းပြားဂိတ်မှာ ထပ်တောင်းတာတို့ ရှိတယ်။ ပြေစာပြပေးမဲ့ မပေးလို့မရဘူး။ ဒါတွေကို ကြပ်မတ် မပေးဘူးဆိုရင် ကုန်ဈေးနှုန်းတွေ ဆက်တက်နေမှာပဲ” ဟုပြောသည်။

အခြေခံလူသုံးကုန် ပစ္စည်းများဖြစ်သော ပေါ်ဆန်းမွှေး၊ ဆန်ကြမ်း၊ ကြက်သွန်နီ၊ အိန္ဒိယဆီ (အနီ/ဝါ)၊ ကြက်သွန်နီ၊ ဂျင်း၊ အာလူး၊ ကော်ဖီ (Sunday)၊ မြေပဲ၊ ငါးနီတူခြောက်၊ ရွှေပုဇွန်ခြောက် ဈေးနှုန်းများ ယခုတွင် ပို၍ မြင့်တက်လာနေကြောင်း သိရသည်။

လက်ရှိတွင် ပဲဆီ ၁ ပိဿာ ၂၅,၀၀၀ ကျပ်၊ မုန်ညှင်းဆီ ၁ ပိဿာ ၂၅,၀၀၀ ကျပ်၊ အိန္ဒိယဆီ(အဝါ) ၈,၅၀၀ ကျပ်၊ အိန္ဒိယဆီ(အနီ) ၁ လီတာ ၈,၅၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ ၂၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာ ၂၃,၀၀၀ ကျပ်ဈေးနှုန်းများ ဖြစ်ကြသည်။

မင်းပြားမြို့ လက်လီ၊ လက္ကား ရောင်းဝယ် သူတစ်ဦးက “ကုန်ပစ္စည်းတွေရောက်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ရတယ်။ ရောက်ပြန်တော့လည်း ပင်ရင်းဈေးဆိုင်တွေက အဆမတန်ဈေးတန်ပြီးတော့ ရောင်းကြတယ်။ အဲ့ဒီပင်ရင်းကနေ တစ်ဆင့် လက္ကားဆိုင်တွေ ရောက်သွားပြန်လည်း နောက်တစ်ခါ ဈေးက တက်သွားပြန်ရော၊ တစ်ချို့နေရာတွေမှာ ဆိုရင် ပိုက်ဆံက ရှိတယ်။ ပစ္စည်းက ရှိမနေဘူး။ တစ်ချို့ ပစ္စည်းတွေ လုံးဝကို ပြတ်နေတာပါ။ ဒီလိုဈေးတင်ရောင်းနေတဲ့သူတွေကို ထိန်းညှိဖို့လိုတယ်။ ကြာရင် အောက်ခြေက ပြည်သူတွေ ထမင်းငတ်ပြီးတော့ သေဖို့သာ ကျန်တော့တယ်”ဟုပြောသည်။

ကုန်ဈေးနှုန်းများမှာလည်း ရခိုင်ပြည်အတွင်း တစ်မြို့နယ်တစ်မြို့နယ် မတူဘဲ သံတွဲ၊ ဂွ၊ ငပလီ၊ တောင်ကုတ်၊ အမ်းမြို့နယ်များဆိုပါက အထက်က ဖော်ပြခဲ့သည့် ဈေးနှုန်းများထက် ပိုမြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် အပါအဝင် ပလက်ဝများတွင် ကုန်ဈေးနှုန်းမှာလည်း ယခင်ကထက် မြင့်တက်နေသည်ကို တွေ့လာရသည်။

မြောက်ဦးမြို့ပေါ်က ၃၈ နှစ်ရွယ်ရှိ အိမ်ရှင်မ အမျိုးသမီးတစ်ဦးက ” တစ်နေ့လုပ်မှ ကျပ် ၈၀၀၀ ရကြတယ်။ ကုန်ဈေးနှုန်းက အရင်ကထက် ၃ဆကနေ ၄ဆ လောက်အထိ တက်နေကြတာပါ။ ကြက်သွန် တစ်လုံးတောင် (လက်မ အရွယ်ထက် အနည်းကြီး) ကို ၄၀၀ လောက် ပေးနေရတယ်။ ကျန်တဲ့ ဟာတွေ မပြောနဲ့။ ဆေးဝါးတွေ ဆိုရင် ဈေးနှုန်းတွေကို ကြောက်စရာကောင်းတယ်။ နေမကောင်း မဖြစ်အောင် နေနေရတယ်။ ဆေးခန်းတစ်ခါပြရင် တစ်နှစ်လုံးလုံးစာ စုဆောင်းထားတာတွေ ကုန်ပြီ။ ဒီလောက်ကုန်ဈေးနှုန်းတွေက တက်နေတာ ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူတွေ လုပ်ပေးမလဲ။ ဘယ်သူတွေမှာ တာဝန်ရှိလဲ ကျွန်မမေးချင်ပါတယ်”ဟုပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းမှာ ပေါ်ဆန်းမွှေး ၁ အိတ် ၁၂၀,၀၀၀ ကျပ်၊ ဆန်ကြမ်း ၁ အိတ် ၅၆,၀၀၀ ကျပ်၊ ကောက်ညှင်းဆန် ၁ အိတ် ၁၂၀,၀၀၀ ကျပ်၊ ဂျင်း ၁ ပိဿာ ၂၀,၀၀၀ ကျပ်၊ 92 ၁ လီတာ ၁၀,၀၀၀ ကျပ်၊ ဓါတ်ဆီ ၈,၅၀၀ ကျပ် တို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ငရုပ်သီးခြောက် (ဒေသထွက်) ၁ ပိဿာ ၃၅,၀၀၀ ကျပ် ငရုပ်သီးခြောက် (အိန္ဒိယ) ၁ ပိဿာ ၂၂,၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း ၁ ပိဿာ ၃,၃၀၀ ကျပ်၊ အာလူး ၁ ပိဿာ ၁၀,၀၀၀ ကျပ်၊ ဟင်းချိုမှုန့် ၁ ပိဿာ ၂၂,၀၀၀ ကျပ်၊ နို့ဆီ (One Tea) ၁ လုံး ၇,၅၀၀ ကျပ်၊ ကော်ဖီ (Premier) ၁ ထုပ် ၂၀,၀၀၀ ကျပ်၊ (Sunday) ၁ ထုပ် ၂၂,၀၀၀ ကျပ် တို့ဖြစ်ကြသည်။

ကြက်သား တပိဿာ ၆,၆၀၀၀ကျပ်၊ ဝက်သားတပိဿာ ၃,၆၀၀၀ကျပ်၊ အမဲသားတပိဿာ ၃,၇၀၀၀ကျပ်၊ န/နီတူခြောက်တပိဿာ ၂,၅၀၀၀ကျပ် ကြက်ဥတစ်လုံး ၆၅၀ကျပ် ရွှေပုဇွန် တပိဿာ ၅,၅၀၀၀ ကျပ် တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဈေးနှုန်းများသည် မြို့နယ်အလိုက် ကွာခြားမှုများ ရှိနေပြီး တစ်ချို့ မြို့နယ်များ အထက်ကဖော်ပြထားသည့် ဈေးနှုန်းများထက် ပိုမြင့်တက်နေသည်ကို တွေ့ရှိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ အိန္ဒိယသို့ ကုန်ရောင်းကုန်ဝယ်သွားသည့် ကုန်သည်များမှာလည်း ULA/ AA ထံမှာ အခွန်ဆောင်ခနှင့် စစ်ဆေးရေးဂိတ်များတွင် ငွေကြေး သိန်းနှင့် ချီပေးနေရကြောင်း ကုန်သည်များ က Western News ကိုပြောဆိုသည်။

ထို့အပြင် ပလက်ဝ အိန္ဒိယသို့ သွားသည့် ဂိတ်မှ ဖြတ်သန်းခ ဂိတ်ကြေးကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် ဖြတ်သန်းခ ထပ်မံ၍ ပေးဆောင်နေရ၍ စိတ်ပျက်မိကြောင်း အမည်မဖော်လိုသည် ကုန်သည်တစ်ဦးက ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ