Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည်အတွင်း ဘေးဒုက္ခကျရောက်သူများအား WFP က အကူအညီပေးနေသည့် မြင်ကွင်းများ။

ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့ပေးနေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရခိုင်ပြည် စစ်တွေမြို့ကနေ ဆုတ်ခွာတော့မည်ဟု ဒုက္ခသည်များကြားတွင် သတင်းထွက်ပေါ်နေကြောင်း သိရသည်။

ဘေးဒုက္ခကျရောက်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP သည် ဒုက္ခသည်များအား ရိက္ခာ နှစ်လစာပေးအပ်ပြီး စစ်တွေမြို့ကနေ ဆုတ်ခွာတော့မည်ဟု စစ်တွေက စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီပေးနေသူများက ပြောဆိုကြသည်။

“မနေ့က နေ့လယ်ပိုင်းမှာ WFP က ဝန်ထမ်းတွေလာပြီးတော့ ဒုက္ခသည်တွေကို လာပြောပါတယ်။ WFP အဖွဲ့ဟာ စစ်တွေကနေ သွားတော့မယ်။ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ၂ လစာလောက် ထောက်ပံ့ပေးပြီးတော့ ဆုတ်တော့မယ်လို့ ပြောခဲ့ပါတယ်။ ဝန်ထမ်းတချို့တောင် အလုပ်က ထွက်ရတော့မယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်ဆိုတာမျိုးကိုတော့ အသေးစိတ် မပြောခဲ့ဘူး။ သူတို့ ဆုတ်တော့မယ်ဆိုတဲ့ အကြောင်းလောက်ပဲ ပြောခဲ့ပါတယ်” ဟု စစ်ဘေးဒုက္ခသည်များအား ကူညီပေးနေသော ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး WFP က ရခိုင်ပြည်ဆိုင်ရာ တာဝန်ရှိသူအချို့ကို စစ်တွေက ဆုတ်ခွာမည့် အကြောင်းအရင်းအား မေးမြန်းကြည့်ရာ ယခုလို တုန့်ပြန်ထားသည်။

“ဆုတ်မယ်၊ မဆုတ်ဘူးဆိုတာထက်လေ ကျနော်တို့ ပုံစံတမျိုးနဲ့ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့မဟုတ်ရင် မနက်ဖြန်လောက်မှာ အသေးစိတ် ထုတ်ပြန်သွားဖို့ ရှိပါတယ်။ စောင့်ပေးပါလို့ ပြောချင်ပါတယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက တုန့်ပြန်သွားခြင်းဖြစ်သည်။

စစ်တွေရှိ WFP ဝန်ထမ်းများက စစ်တွေကနေ ဆုတ်ခွာတော့မည်ဟု ဒုက္ခသည်များအား ပြောပြလာချိန်တွင် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ဝမ်းနည်းမျက်ရည်ကျကြသည်ဟု စစ်ရှောင်များအား ကူညီပေးနေသည့် နောက်ထပ် ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။

“ဒုက္ခသည်တွေ ငိုနေကြလို့ ဘုန်းတော်ကြီးက အောက်ကို သွားဆင်းကြည့်တာ။ ဘာဖြစ်လဲမေးတော့ WFP က ကျမတို့ ဒုက္ခသည်တွေကို ဆက်ပြီး မထောက်ပံ့နိုင်တော့ဘူး။ စစ်တွေကနေ သွားတော့မယ်လို့ ပြောလို့ ဝမ်းနည်းပြီးတော့ ငိုနေတာလို့ ပြောတယ်။ ဒုက္ခသည်တွေ အကြီးအကျယ် ဒုက္ခရောက်ကြပြီပေါ့။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင် စစ်ဘေးရှောင်ဒုက္ခသည် ၈၀၀၀ ကျော်ရှိပြီး ၎င်းတို့အားလုံးမှာ စစ်တွေမြို့ထဲက ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းတွင် ခိုလှုံနေကြခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်ဒုက္ခသည်များအားလုံးသည် ဗျိုင်းဖြူကျေးရွာအပါအဝင် စစ်တွေမြို့အနီးက ကျေးရွာပေါင်း ၂၀ ကျော်က ဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင်ထုတ်ထား၍ စစ်တွေမြို့ထဲတွင် ဖြစ်သလိုနေထိုင် စားသောက်နေကြရသည့် ဒုက္ခသည်ပြည်သူများ ဖြစ်ကြသည်။

ယင်းအပြင် စစ်တွေမြို့နယ်တွင် မွတ်ဆလင်ဒုက္ခသည်များလည်းရှိနေပြီး WFP စစ်တွေကနေ ဆုတ်ခွာလျှင် ၎င်းတို့လည်း ထိခိုက်နစ်နာကြမည်ဟု သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP စစ်တွေကနေ ဆုတ်ခွာရသည့် အကြောင်းအရင်းမှာ တိုက်ပွဲနှင့် ဘတ်ဂျက်အခြေအနေကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

“WFP စစ်တွေကနေ ဆုတ်ခွာတာက တိုက်ပွဲ ပြင်းထန်လာတာနဲ့ သူတို့ရဲ့ ဘတ်ဂျက်ကြောင့် ထင်ပါတယ်။ အမေရိကန်ရဲ့ အကူအညီတွေ ရပ်တန့်သွားတာနဲ့ ဆက်စပ်မယ်ထင််တာပဲ။ ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်တွေကိုလည်း ရိက္ခာတွေ လျော့ချထားတော့လေ။ ဘယ်လိုကြောင့်ပဲ ဆုတ်ဆုတ်ပေါ့လေ။ ဒုက္ခသည်တွေကတော့ အသက်ရှင်ရပ်တည်ဖို့ တော်တော်လေးကို ခက်ခဲသွားပြီ။ ဒုက္ခသည်တွေဟာ WFP အပါအဝင် တခြား နိုင်ငံတကာအကူအညီတွေရဲ့ ထောက်ပံ့မှုတွေနဲ့ တောင့်ခံပြီးတော့ အသက်ရှင်နေကြတာပါ” ဟု ပြောသည်။

စစ်တွေမြို့နယ်အတွင်း WFP ထောက်ပံ့မှု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်တန့်သွားခြင်းဖြစ်သော်လည်း ဒုက္ခသည်များမှာ အကူအညီများ ဆက်လက်ရရှိရန် မျှော်လင့်နေကြခြင်းဖြစ်သည်။

သို့သော် ဒုက္ခသည်များ၏ မျှော်လင့်ချက်မှာ ပျက်စီးသွားပြီဖြစ်ကြောင်းနှင့် WFP က ရခိုင်ပြည်အတွင်း အကူအညီများ ထောက်ပံ့ပေးမည့် အစီအစဉ်မှာ မည်သည့်ပုံစံမျိုး ဖြစ်လာမည်ကို မသိရသေးပေ။

စစ်တွေက ဒုက္ခသည်များ၏ ပြောဆိုချက်အရ WFP သည် လူတစ်ဦးကို ကျပ် ၃၅၀၀၀ ဖြင့် နှစ်လစာ ပေးအပ်ပြီး ရခိုင်ပြည်ကနေ ဆုတ်ခွာတော့မည်ဟု ပြောဆိုနေကြသည်။

ယခင်က WFP သည် ဒုက္ခသည်တစ်ဦးအား ကျပ် ၅၀၀၀၀ စီထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဒုက္ခသည်များက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ