ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး ICC ၏ အမိန့်ဖြင့် မနီလာလေဆိပ်တွင် ယနေ့ မတ်လ ၁၁ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောသည်။
ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်း ဒူတာတေးကို မူးယစ်ဆေးဝါး သတ်ဖြတ်မှုနှင့် ပတ်သက်၍ ICC က ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။
ဒူတာတေးသည် ဟောင်ကောင်မှ ရောက်ရှိလာပြီးနောက် အဖမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့က ၎င်းအား ICC ၏ အမိန့်အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဆိုသည်။
ဒူတာတေး၏ တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းမှုအောက်တွင် ဖြစ်ပွားခဲ့သည့် ကြီးမားသော သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးနေကြောင်း သမ္မတ ဖာဒီနန်မားကို့စ် (Ferdinand Marcos) ၏ ရုံးက ထုတ်ပြန်ထားသည်။
“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့ ICC က အကြောင်းကြားလာတယ်။ အခုတော့ အာဏာပိုင်တွေက ဒူတာတေးကို ချုပ်နှောင်ထားတယ်” ဟု ဖီလစ်ပိုင်သမ္မတရုံးက ပြောသည်။
ဒူတာတေးကို လေဆိပ်တွင် ဖမ်းဆီးစဉ် ဒူတာတေး၏ ရှေ့နေများ၊ လက်ထောက်များနှင့် အာဏာပိုင်များတို့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသေးသည်။



“ဒူတာတေးကို ဖမ်းဆီးတာဟာ ဖွဲ့စည်းပုံပါ အခြေခံအခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်” ဟု ဒူတာတေး၏ မဟာမိတ်ဖြစ်သူ အထက်လွှတ်တော်အမတ် Bong Go က ပြောသည်။
ဖီလစ်ပိုင်အစိုးရအဖွဲ့က ဒူတာတေးအား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း အသေးစိတ်ထုတ်ပြန်ခြင်းမရှိသော်လည်း ဒူတာတေး ကျန်းမာရေးအား ဆရာဝန်များဖြင့် စစ်ဆေးပေးနေသည်ဟု ထုတ်ပြန်ထားသည်။
ဒူတာတေး သမ္မတ လက်ထက်တွင် မူးယစ်ဆေးဝါးရှင်းလင်းရေး ခေါင်းစဉ်ဖြင့် လူပေါင်းများစွာကို သတ်ဖြတ်မှုဖြင့် ICC မှ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကစ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ထိုအချိန်ကတည်းကစ၍ ဒူတာတေးသည် ICC ၏ စုံစမ်းစစ်ဆေးမှုများကို ငြင်းဆန်ပြီး ရပ်တန့်ရန် တောင်းဆိုခဲ့ဖူးသည်။
ယခုရက်ပိုင်းအတွင်း ဒူတာတေးက ICC ၏ ဖမ်းဆီးခြင်းကို လက်ခံသည်ဟု ပြောဆိုပြီးနောက် ယနေ့တွင် ICC အမိန့်ဖြင့် လက်ရှိ ဖီလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် အစိုးရအဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။