အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော နယ်မြေများတွင် ဟောင်းနွမ်းငွေစက္ကူ အသုံးမဝင်မှု ပြန်ဖြစ်လာ၍ ဒေသခံပြည်သူများကြားတွင် အခက်အခဲဖြစ်ပွားနေပြီး တာဝန်ရှိသူများက ကြပ်မက်ပေးရန် တောင်းဆိုနေကြသည်။
“ပိုက်ဆံတွေ ဒီလောက်ရှားပါးနေရတဲ့အထဲ ဟောင်းနွမ်းသွားတဲ့ ပိုက်ဆံကို အသုံးပြုလို့မရဘူးဆိုတော့ တော်တော်လေးကို အခက်အခဲဖြစ်ရပါတယ်။ ပြဲသွားတာလဲ မဟုတ်ဘူး။ ဟောင်းနေရုံနဲ့ မရဘူးဆိုတော့ ကျမတို့မှာ ဘေးဖယ်ထားရတော့ တော်တော် ကျပ်တည်းသွားတာပေါ့။ လက်ထဲ ငွေ ၅ သောင်းရှိတယ်ဆိုရင် နှစ်သောင်းလောက် ဟောင်းနေတဲ့ ပိုက်ဆံဖြစ်နေရတယ်။ အဲပိုက်ဆံ အသုံးမဝင်ဘူးဆိုရင် ကျမတို့ ဒုက္ခ ရောက်ရတာပေါ့” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။
ဟောင်းနွမ်းငွေစက္ကူကြောင့် ပြဿနာ တက်ရသည့်အတွက် စုတ်ပြဲနေသည့် ပိုက်ဆံ သို့မဟုတ် အလွန်ဟောင်းနွမ်းနေသည့် ပိုက်ဆံဆို မယူတော့ကြောင်း ကျောက်တော်ဒေသခံ ဈေးရောင်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ရောင်းချပြီးရလာတဲ့ ပိုက်ဆံတွေထဲက အများစုက သုံးမရဘူးဖြစ်နေတာတွေ ရှိခဲ့ဖူးတယ်။ ဒါကြောင့် အခု နွမ်းစုတ်နေရင် မယူတော့ဘူး။ ရလာတဲ့ပိုက်ဆံ သောင်းဂဏန်းလေးထဲမှာ သုံးမရတဲ့ ပိုက်ဆံတွေပါနေရင် တော်တော် အခက်တွေ့ရတယ်” ဟု ပြောသည်။
ဟောင်းနွမ်းငွေစက္ကူ အသုံးမဝင်မှု ပြဿနာကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိအဖွဲ့အစည်းများအား ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။
နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် လုပ်ကိုင်နေသူများကြောင့် ဟောင်းနွမ်းငွေစက္ကူ အသုံးမဝင်မှု ပြန်လည် ဖြစ်ပွားလာရသည်ဟု အာရက္ခတပ်တော် AA ၏ မြောက်ဦးမြို့နယ် တာဝန်ရှိသူများက ပြောသည်။
တာဝန်ရှိသူတစ်ဦးက “အဓိက ဒီပိုက်ဆံတွေကို ကုန်သည်တွေကမ ယူကြတာကြောင့်ဖြစ်တာပါ။ ကုန်သည်တွေမှာလည်း နယ်စပ်မှာ ငွေလှဲရတဲ့အခါ ကြုံရတဲ့ အခက်ခဲကြောင့် ကျပ်တစ်ထောင်တွေနဲ့ ဟောင်းနွမ်းငွေတွေကို မယူကြတာမျိုးဖြစ်လာတာ။ ဒီပြဿနာက အာဏာနဲ့ အတင်းယူရမယ်ဆိုပြီးတော့လည်း လုပ်လို့မရပါဘူး။ ဒီတော့ ကျနော်တို့ ဖြေရှင်းနည်းတွေ ရှာနေပါတယ်” ဟု ပြောသည်။
ရခိုင်မှာ ဟောင်းနွမ်းငွေစက္ကူ အသုံးမဝင်ခြင်း စဖြစ်လာသည်မှာ ၂၀၂၄ မတ်လ ကတည်းက ဖြစ်ပွားနေပြီး အာရက္ခတပ်တော်၏ ထိန်းညှိပေးခြင်းကြောင့် ၂၀၂၅ ဇန်နဝါရီလအထိ အဆင်ပြေခဲ့ကြကြောင်း သိရသည်။
သို့သော်လည်း ဖေဖော်ဝါရီလ ကစပြီး ရခိုင်ပြည်အတွင်း ဟောင်းနွမ်းငွေစက္ကူ အသုံးမဝင်မှု ပြန်ဖြစ်ပွားလာ၍ လက်ရှိတွင် ပြည်သူများမှာ အခက်အခဲဖြစ်ပေါ်နေကြခြင်းဖြစ်သည်။
၂၀၂၃ တကျော့ပြန် တိုက်ပွဲစတင်ကတည်းက ရခိုင်ပြည်ကို အာဏာသိမ်း စစ်ကောင်စီသည် ရေလမ်း၊ ကုန်းလမ်း ပိတ်ဆို့ ဖြတ်တောက်မှုများကြောင့် ငွေစက္ကူရှားပါးခဲ့ကြသည်။
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင်လည်း ဘဏ်များ ပိတ်သိမ်းရခြင်းကြောင့်လည်း ငွေကြေးရှားပါးကာ ပြည်သူများလက်ထဲရှိ ပိုက်ဆံများသာ လည်ပတ် သုံးစွဲကြရခြင်းဖြစ်သည်။
ယင်းအပြင် စီးပွားရေးလုပ်ငန်းရှင်အချို့မှာ ရန်ကုန်ဘက်က ငွေသွားထုတ်သော်လည်း လမ်းခရီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံရသည့်အတွက် ရခိုင်မှာ ငွေသား အလွန်ရှားပါးသွားခြင်းဖြစ်သည်။
ထို အခြေအနေများကြောင့် ပြည်သူများလက်ထဲရှိ ငွေသားများမှာ ကြာလာသည်နှင့်အမျှ ဟောင်းနွမ်းခြင်း၊ စုတ်ပြဲခြင်းတို့ရှိလာပြီး လက်ရှိတွင် ဟောင်းနွမ်းငွေစက္ကူ အသုံးမဝင်သည့် အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။