Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်က မျိုးနွယ်တစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားများထဲတွင် မြိုရိုးရာ ရက်ကန်းလုပ်ကိုင်ရန် ဆက်ခံသူမရှိဖြစ်လာကြောင်း သိရသည်။

မြိုရိုးရာ ရက်ကန်းလုပ်ငန်းကို မြိုအမျိုးသမီးတိုင်း နှစ်စဉ် ဆက်ခံလေ့ရှိသော်လည်း ယခုနှစ်တွင် ဆက်ခံသူမရှိဖြစ်လာကြောင်း မြိုအမျိုးသမီးများက ပြောသည်။

ကျောက်တော်မြို့နယ်မှ မြိုရိုးရာရက်ကန်းထည်များ ရက်လုပ်သူ အမျိုးသမီးတစ်ဦးက “ဒီဂျပ်ခုတ်အလုပ်က မြိုအမျိုးသမီးကြီးငယ်မရွေး တတ်ကြပါတယ်။ ဝင်ငွေပိုင်းလေးအဆင်ပြေတော့ ဒီဂျပ်ခုတ်အလုပ်နဲ့ပဲ အသက်မွေးကြတာများတယ်လေ။ ခုနောက်ပိုင်းကျတော့ အထည်တွေက ဝယ်မယ့်သူတွေမရှိတော့တာနဲ့ မလုပ်ကြတော့ဘဲ ရပ်လိုက်ကြရတာ။ နောက်ပိုင်း အမျိုးသမီးငယ်လေးတွေလည်း တစ်ခြား ဝင်ငွေအဆင်ပြေမယ့် အလုပ်ကိုင်တွေကိုလုပ်ရင်း ဒီဂျပ်ခုတ်အလုပ်ကို မသင်ဖြစ်ကြတော့ဘူး” ဟု ပြောသည်။

မြိုလူမျိုးများတွင် လက်ရက်ထည်များရက်လုပ်ခြင်းနှင့် ရက်ကန်းခတ်ခြင်းကို ဂျပ်ခုတ်သည်ဟုခေါ်ဆိုကြပြီး မြိုလူမျိုးများ၏ နေအိမ်တိုင်းတွင် ဂျပ်ခုတ်စင် (ရက်ကန်းစင်) တစ်စင်ခန့် ရှိမြဲဖြစ်သည်။

မြိုရိုးရာရက်ကန်းလုပ်ငန်း ဆက်ခံသူမဲ့ဖြစ်လာခြင်းမှာ လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးအခြေနေများကြောင့် ရက်ကန်းထည်များရောင်းမည့် စျေးကွက်ပျောက်သွား၍ ဖြစ်သည်ဟု ရက်ကန်းခတ်အမျိုးသမီးများက ဆိုသည်။

“အရင်ကဆို ခရီးသွားတွေ လာဝယ်ကြတယ်။ နိုင်ငံခြားဧည့်သည်တွေဆို ရက်ကန်းထည်တွေကို တော်တော်ကြိုက်ကြတယ်။ ပြီးတော့ ရန်ကုန်က အမှာတွေရှိတယ်။ တစ်လကို အထည် ၅၀ဝ လောက်တော့ ရောင်းရတယ်။ ခုနောက်ပိုင်း စစ်ရေးအခြေနေတွေနဲ့ လမ်းကြောင်းတွေပိတ်တော့ တစ်ထည်မှရောင်းမထွက်တော့ဘူး” ဟု မြောက်ဦးမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ရက်ထည်များရောင်းချမည့် စျေးကွက်မရှိတော့ခြင်း၊ ကုန်ကြမ်းများ ဝယ်ယူ၍ မရတော့ခြင်း၊ ရက်ကန်းလုပ်ငန်းမှာ ဝင်ငွေပိုင်းအရအဆင်မပြေတော့ခြင်း စသည်များကြောင့် ယခင်ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသူများမှာ ရက်ကန်းလုပ်ငန်းကို စွန့်ခွာလာကြသည့်အပြင် တက်သစ်စ လူငယ်အမျိုးသမီးများမှာလည်း ရက်ကန်းလုပ်ငန်းကို ဆက်ခံလုပ်ကိုင်ကြခြင်းမရှိတော့ဘဲ ဖြစ်လာကြခြင်းဖြစ်သည်။

မြိုလူမျိုးများမှာ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များ၌ နေထိုင်ကြပြီး မြိုရက်ကန်းလုပ်ငန်းကိုမူ မြောက်ဦး၊ ကျောက်တော်မြို့နယ်များ၌ အဓိက တွေ့ရတတ်သည်။

မြိုရိုးရာရက်ကန်းခတ်လုပ်ငန်းကို ယခင်က အိမ်ထောင်စု ၁၀ဝ ရှိသည့် မြိုကျေးရွာတစ်ခုတွင် အိမ်ထောင်စု ၁၀ဝ နီးပါးက ရက်ကန်းရက်လုပ်ခဲ့မှုရှိခဲ့ကြသော်လည်း လက်ရှိတွင် အိမ်ထောင်စု ၁၀ဝ ခန့်ရှိသည့် ကျေးရွာတစ်ခု၌ ရက်ကန်းရက်လုပ်သည့် နေအိမ် ၁၀ အိမ်ခန့်လောက်သာ ကျန်ရှိကြတော့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ