ထိုင်းနိုင်ငံအတွင်း တရုတ်ထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများမှာ အရှိန်မြင့်တက်လာပြီး ထိုင်းလူမျိုးများအား ခြိမ်းခြောက်နေသည်ဆိုသည့် သဘောထားအမြင်များကို အစိုးရသစ်အနေဖြင့် အလျင်အမြန် ဖြေရှင်းရန် စီးပွားရေးကျွမ်းကျင်သူများက ထောက်ပြနေကြသည်။
တရုတ်ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုအပေါ် သဘောထားအမြင်များအား လျင်မြန်စွာ မဖြေရှင်းနိုင်ပါက ထိုင်းနိုင်ငံ၏ ပို့ကုန်နှင့် ခရီးသွားကဏ္ဍများကို ထိခိုက်စေနိုင်ကြောင်း သိရသည်။
ပန် ယာပီဝတ်စီမံခန့်ခွဲရေးအင်စတီကျု (Panyapiwat Institute of Management) ဥက္ကဋ္ဌနှင့် တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ အထူးကျွမ်းကျင်သူ ဆမ် ပေါ့မာနာရောင်းဆန် (Sompop Manarungsan) က ယခု ဝန်ကြီးချုပ်သစ် ပေထုတ်တန် (Paetongtarn) အစိုးရသစ်ကို တိုက်တွန်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။
မစ္စတာဆမ်ပေါ့ (Sompop) က “ထိုင်းမှာ မကြာသေးခင်ကမှ တည်ထောင်ထားတဲ့ တရုတ်ကြက်ကြော် အမှတ်တံဆိပ်ကိုတောင် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်လာတဲ့အထိ အပျက်သဘောဆောင်တဲ့ စိတ်ဓာတ်တွေ ကြီးထွားလာခဲ့ပါတယ်။ ထိုင်းမှာ ဂျပန်နဲ့ ကိုရီးယား စားသောက်ဆိုင်တွေ အများအပြားရှိပြီး တရုတ်ကြက်ကြော်ဆိုင်တွေ အတော်လေးနည်းပါတယ်” ဟု ဆိုသည်။
တရုတ်နှင့် ထိုင်း နှစ်နိုင်ငံစလုံးအကျိုးရှိသော ကုန်သွယ်ရေးစံပြစနစ်တစ်ခု (a win-win trade model – သူနိုင်-ကိုယ်နိုင် ကုန်သွယ်ရေးစံပြစနစ်တစ်ခု) တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထောက်ပြကြသည်။
တရုတ်ရင်းနှီးမြုပ်နှံမှုနှင့် တရုတ်ထုတ်ကုန်များ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာမှုသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုအချို့ရှိနေသည်။
မစ္စတာဆမ်ပေါ့ (Sompop) က ” ထိုင်းနိုင်ငံထဲမှာရှိတဲ့ စက်ရုံအများစုဟာ တရုတ်နိုင်ငံကလာတဲ့ ဈေးသက်သာတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ကုန်ကြမ်းတွေကို အသုံးပြုနေတဲ့အတွက် တရုတ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကောင်းကျိုးရော ဆိုးကျိုးပါ ရှိနေတယ်။ ” ဟု ပြောသည်။
တရုတ်နှင့် ထိုင်းအစိုးရ အချင်းချင်းတိုင်ပင်ပြီး နှစ်နိုင်ငံစလုံးအတွက် win-win model ကိုရှာဖွေကာ ပြဿနာကို စောစောဖြေရှင်းရန် အရေးကြီးသည်ဟု မစ္စတာဆမ်ပေါ့ (Sompop) က ပြောသည်။
ဥပမာအားဖြင့် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံတွင် လက်ကားရောင်းချသူဖြစ်လာပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရန် လက်လီဈေးကွက်အတွင်းသို့ ဝင်ရောက်ခြင်းမှ ရှောင်ကြဉ်သင့်သည်။
ထိုင်းအစိုးရက လျှပ်စစ်ကား (EV) တစ်စီးအတွက် ထောက်ပံ့ကြေး ဘတ် ၁၀၀,၀၀၀ ပေးအပ်စဉ်မှာ တရုတ်အစိုးရက လျှပ်စစ်ကား (EV) ထောက်ပံ့ကြေးကို ယွမ် ၁၀,၀၀၀ ကနေ ယွမ် ၂၀,၀၀၀ (ဘတ်ငွေ ၄၈,၁၀၇ က နေ ၉၆,၂၁၄ ) အထိ တဖြည်းဖြည်း တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ထုတ်လုပ်မှုစွမ်းရည်ကို မလျှော့ချသေးဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တရုတ်ကုန်ပစ္စည်းများ ပိုလျှံစွာ စီးဝင်လာခဲ့ကြောင်း Mr Sompop က ပြောကြားခဲ့သည်။
အနာဂတ်တွင် တရုတ်သည် ၎င်း၏ စွမ်းဆောင်ရည်ကို လျှော့ချရန် သို့မဟုတ် ထုတ်လုပ်မှု အခြေစိုက်စခန်းများ ပြောင်းရွှေ့ရန် လိုအပ်လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။