Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် အမ်းမြို့ပေါ်က အမျိုးသားတစ်ဦးကို မြို့ထဲသို့ ကုန်ပစ္စည်းများ ခိုးထုတ်ရောင်းသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အမှတ် ၃ ရပ်ကွက်က အသက် ၂၇ နှစ်အရွယ် ကိုရဲမောင် ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ညက ရဲနှင့် စစ်သားများ ဖမ်းဆီးသွားသည်ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

” ည ၁၀ နာရီလောက်က ရဲတွေနဲ့ စစ်သားတွေလာပြီး ဖမ်းသွားတယ်။ ဘာဖြစ်လို့ ဖမ်းသွားတယ်ဆိုတာက ပထမ မပြောဘူး။ စခန်းရောက်မှ စားကုန်တွေ၊ ဓာတ်ဆီတွေ၊ ဆေးဝါးတွေ ခိုးထုတ်တယ်ဆိုပြီး ဖမ်းတယ်လို့ ပြောတယ်။ တကယ်က သူ့မှာ လက်ရှိ အလုပ်တောင် မရှိဘူး။ မတရားဖမ်းသွားတာပါ။ ” ဟု ပြောသည်။

အမ်းမြို့ပြင်ပ ကျေးရွာများတွင် စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ပြတ်လပ်နေသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းပြ၍ ၎င်းအား စွပ်စွဲ ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

နောက်ထပ် နီးစပ်သူ သူငယ်ချင်းတစ်ဦးက ” ကျေးလက်တွေမှာ ကုန်ပြတ်လပ်နေတာ၊ ဆန်ပြတ်လပ်နေတာ၊ စားသောက်ကုန်တွေ ပြတ်လပ်နေတာတော့ မှန်ပါတယ်။ ဒါပေမယ့် သူမဟုတ်ပါဘူး။ တခြားသူတွေ ဖြစ်မှာပါ။ ဘယ်သူက ချောက်တွန်းလိုက်လဲမသိဘူး။ ” ဟု ပြောသည်။

ကိုရဲမောင်မှာ စွပ်စွဲဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ရဲစခန်းတွင် ဖော်ပြသော်လည်း ရဲတပ်ဖွဲ့ဝင်များက လက်မခံသည့်အပြင် ၎င်းအား မိသားစုဝင်များနှင့်‌ တွေ့ဆုံခွင့်မပေးကြောင်း သိရသည်။

အမ်းမြို့အနောက်မြောက်ဘက်က ဒါးလက်ချောင်းကျေးရွာအုပ်စု ကျေးရွာများမှ ဒေသခံများသည် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးပစ္စည်း စသည့် အခြေခံစားသောက်ကုန်များအတွက် အနီးဝန်းကျင်ရှိ ကဇုကိုင်းကျေးရွာနှင့် ကမ်းထောင်းကြီးမြို့မှ ရေလမ်း၊ ကုန်းလမ်းကို အသုံးပြု၍ ဝယ်ယူစားသုံးနေရကြောင်း သိရသည်။

အမ်းမြို့နယ်သည် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား ကြိုကြားတိုက်ပွဲများဖြစ်ပွားနေကြပြီး စစ်ရေးတင်းမာနေသည့် မြို့တစ်မြို့ဖြစ်သည်။

အမ်းမြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနှင့် ဗျူဟာကုန်းအချို့ကို AA က သိမ်းပိုက်ထားကြောင်း သိရသည်။

1 Comment

  • Zaproxy dolore alias impedit expedita quisquam.

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ