Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အင်အား ၆၀ ခန့်ပါသော အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဘင်္ဂလားပင်လယ်အော်တွင် ငါးရှာထွက်လာသော ဘင်္ဂလားဒေ့ရှ် မော်တော်ဘုတ်တစ်စီးကို ဓါးပြတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် AA က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ငါးရှာထွက်လာသော မော်တော်ဘုတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးပါဝင်ပြီး ၎င်းတို့မှာ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အောင်သို့ ငါးရှာထွက်လာခြင်းဖြစ်သည်။

တစ်ပတ်ခန့်အကြာ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် အင်အား ၆၀ ခန့်ပါသော အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဓါးပြတိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ဓါးပြအဖွဲ့မှာ မော်တော်ဘုတ် ၃ စီးဖြင့် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မော်တော်ဘုတ်တစ်စီးကို ဝိုင်းရံပိတ်ဆို့ လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ဓါးပြတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးပါ မော်တော်ဘုတ်ကို အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့တွင် ကယ်ထုတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း AA က ဆိုသည်။

ငါးဖမ်း မော်တော်ဘုတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား “ဟာမာအူလာစ်” က ဦးဆောင်ပြီး ဓါးပြတိုက်ခံရပြီးနောက် ရခိုင်ပြည် မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေအနီးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကျောက်ပန္ဒူကမ်းခြေမရောက်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးမှာ ဓါးပြအဖွဲ့၏ အစာရေစာမကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်မှုကို ခံခဲ့ရကြောင်းနှင့် မော်တော်ဘုတ်ပါ ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံးကို ယူဆောင်သွားကြောင်း ဟာမာအူလာစ်က ဆိုသည်။

ကယ်ထုတ်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မပို့မီ ဒဏ်ရာ ရလာသောသူများကို AA က ဆေးကုသပေးခဲ့ကြောင်းနှင့် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ Shaporir ဆိပ်ကမ်းက တစ်ဆင့် အပ်နှံခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဓါးပြတိုက်ခံရသော မော်တော်ဘုတ်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးမှာ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ (၁၄) ဦး၊ တိုင်ကာနာမြို့၊ ဆားပြင်ပင်ဆိုးရီကျေးရွာမှ (၁) ဦးနှင့် ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ဖီးချားရီကကျေးရွာ မှ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့က ငါးဖမ်းထွက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးမှာ လမ်းမှား၍ ရခိုင်ပိုင်နက်သို့ ရောက်ရှိလာ၍ အာရက္ခတပ်တော် AA က ဖမ်းဆီးပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်း ပေးလိုက်ကြောင်း AA နှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ထုတ်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ