Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်း မဲဆောက်တွင် မြန်မာနိုင်ငံသား ၁ ဦးကို ထိုင်းလုံခြုံရေး တပ်ဖွဲ့က ရိုက်နှက်မှုကြောင့် သေဆုံးမှု ဖြစ်ပွား

မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေး တံတားအနီး ထာ့ဆိုင်လွှက်ကျေးရွာရှိ ထိုင်း နယ်ခြားစောင့် လုံခြုံရေး စစ်တပ်ဂိတ် တစ်ခုတွင် မြန်မာနိုင်ငံသား တစ်ဦးဖမ်းဆီးကာ သတ်ဖြတ်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၁၀ နာရီခန့် အချိန်တွင် အသက် ၃၇ နှစ်ရှိ ကိုအောင်ကိုကို ဆိုသူ မြန်မာနိုင်သားတစ်ဦးသည် မြန်မာနိုင်ငံ မြ၀တီဖက်တွင် ဆေးခန်း သွားပြပြီး ပြန်လာချိန်တွင် ထိုင်း နယ်ခြားစောင့် လုံခြုံရေး စစ်တပ်၏ ဖမ်းဆီး ခြင်းခံခဲ့ရကြောင်း မိသားစုများ က ပြောသည်။

ကိုအောင်ကိုကို ဆိုသူ သည်၊ ငှက်ဖျား ရောဂါ အခံကြောင့် မြန်မာနိုင်ငံ မြ၀တီဖက်တွင် ဆေးခန်းသွားပြပြီး ပြန်လာချိန်တွင် အထက်ပါ စစ်ဆေးရေးဂိတ်က ခေါ်ယူထိန်းသိမ်းပြီး ရိုက်နှက် စစ်ဆေးရာမှ လက်လွန် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ကာယကံရှင် မိသားစုဝင်များက Western News ကိုပြောသည်။

သေဆုံးသူ၏ ယောက်ဖတော်စပ်သူ ကိုအောင်အောင်က “သေဆုံးသူက ကျနော် ယောက်ဖပါ၊ သူက မဲဆောက်မှာ နေတာ ၂ နှစ်ကျော်ပြီး ကျန်းမာရေးကြောင့် မြ၀တီဖက်ကို ခဏကူပြီး ဆေးခန်း သွားပြပြီး အပြန်မှာ ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတာ ဖြစ်တယ်”ဟု ပြောသည်။

ထိုင်းနယ်ခြားစောင့် လုံခြုံရေး စစ်တပ်က ကိုအောင်ကိုကိုအား အထောက်ထားမဲ့ဟု ဆိုကာ အကြောင်းပြချက်ဖြင့် ဖမ်းဆီး ရိုက်နှက်များ အပြင် ထိုးသွင်း ဓားဒဏ်ရာများလည်းတွေ့ရကြောင်း မိသားစုဝင်များက ပြောပြချက် အရ သိရသည်။

“သူ ဖမ်းခံရတဲ့ အချိန်မှာ အဆက်သွယ် ရပါသေးတယ်၊ ကျနော်တို့ သွားခေါဖို့ လုပ်နေတဲ့ အချိန်မှာ အဲ့ဒီ စစ်တပ်ဂိတ်က ကျနော်တို့ကို လုံး၀ လာရောက် ခေါ်ခွင့် မပေးဘူး။ အခင်း ဖြစ်တဲ့ နေ့ ၁၁ နာရီလောက်မှ အဲ့ဒီ စစ်တပ်ကပဲ အကြောင်းကြားလာလို့ လာခေါ်လို့ ရတယ်။ သွားခေါ်တဲ့ အချိန်မှာ သေဆုံးနေတဲ့ အလောင်းကိုပဲ တွေ့ရတယ်”ဟု ယောက်ဖ ဖြစ်သူ ကိုအောင်အောင်က ပြောပြသည်။

သေဆုံးသူ ကိုအောင်ကိုကို သည် ထိုင်းနိုင်ငံမဲဆောက်သို့ မရောက်ခင်က မြန်မာနိုင်ငံ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် နေထိုင်ခဲ့သူ ဖြစ်ပြီး Foodpando Delivery အစားသောက် ပို့ဆောင်ရေး လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းစဉ် ကာလ အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်ဖက်ကို တိမ်းရှောင်လာသော ရွှေ့ပြောင်းလုပ်သမားတစ်ဦး ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

သေဆုံးသူ ကိုအောင်ကိုကိုသည် မဲဆောက်တွင် ရွှေ့ပြောင်း လုပ်သမား အဖြစ် မီးလိုင်း ပြင်ဆင်သည့် လုပ်ငန်းတွင် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်း၏ နာရေးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဝပ်ထိုင်းဝပ်ထနာရမ်း ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် နာရေး ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဆက်စပ်သတင်းများ