Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အမ်းမြို့ထဲက ပညာရေးကျောင်းတစ်ကျောင်း။ (ဓါတ်ပုံ - moi)

ရခိုင်ပြည် အမ်းမြို့နယ် အမှတ် ၂ ရပ်ကွက်မှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၃ ရက်နေ့က ဖမ်းဆီးသွားပြီး မိသားစုဝင်များမှာ ယခုအချိန်အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းဆရာမှာ အမှတ် ၂ ရပ်ကွက်နေ အသက် ၄၀ အရွယ်ရှိ ဦးတင်မိုးထွန်းဖြစ်ပြီး မိသားစုဝင်များကို စစ်ကောင်စီက အကြောင်းကြားမှု လုံးဝမရှိသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“၂၃ ရက် မနက်ပိုင်းက ဖမ်းသွားတာပါ။ အိမ်က ဖမ်းသွားတာတော့ မဟုတ်ဘူး။ သူ့ကို ရဲစခန်းကဆင့်ခေါ်တယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်တာ။ အခု ရဲစခန်းမှာလည်း မရှိဘူး။ စခန်းကနေ ဘယ်ကို ယူသွားလဲ မသိဘူး။ စခန်းကလည်း ဘာတစ်ခုမှ မပြောဘူး။ ” ဟု ပြောသည်။

ကျောင်းဆရာ ဦးတင်မိုးထွန်းမှာ အမ်းမြို့နယ် ကြောင်ဖြူကွင်းကျေးရွာမှာ တာဝန်ကျနေခြင်းဖြစ်ပြီး မြို့မရဲစခန်းက အကြောင်းမဲ့ဆင့်ခေါ်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

” ဘာကြောင်းပြချက်နဲ့ ဖမ်းတာလဲ မသိရဘူး။ မိသားစုကို အဆက်အသွယ်လည်း မလုပ်ကြဘူး။ အိမ်ပြန်မရောက်လို့ စခန်းသွားမေးမှ သိရတာ။ ဖမ်းသွားတယ်ဆိုတာကို ဘယ်နေရာမှာထိန်းသိမ်းထားလဲ သေချာမသိရသေးဘူး။ ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးကို Western News မှ တယ်လီဖုန်း ဆက်သွယ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

အမ်းမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြ၍ မကြာခဏ ဖမ်းဆီးမှုများရှိနေကြောင်း စုံစမ်းသိရသည်။

ဖမ်းဆီးခံရသူအများစုသည် မတရားအသင်ဆက်သွယ်မှုပုဒ်မ၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်များဖြင့် စစ်ကောင်စီက မတရားဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းအပြင် အာဏာသိမ်း စစ်ကောင်စီသည် အမ်းမြို့နယ် ဆင်ပွတ်၊ ငပြယ်၊ သင်္ဂနက်၊ သပြုချောင်း၊ ပိန္နဲပင်၊ တောင်စောက်၊ နေပဆေး၊ လုံးတုံ၊ လော်ဟိန်းစံပြ စသော အခြေခံပညာရေးကျောင်းက ဆရာ၊ ဆရာမ ၇၁ ဦးကို ကျောင်းမရောက်သည့် အကြောင်းပြချက်ဖြင့် ယခုနှစ် ဇွန်လတွင် အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရသည်။

1 Comment

  • AJPpYyZGKqotgxM

Comments are closed.

ဆက်စပ်သတင်းများ