Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆေးကုသမှုအဆင်မပြေ၍ မြောက်ဦးတွင် အသည်းရောဂါသည် အမျိုးသမီးတစ်ဦးသေဆုံး

ဆေးကုသမှုအဆင်မပြေ၍ မြောက်ဦးတွင် အသည်းရောဂါသည်အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ မြောက်ဦး မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်စိန်ယိုင်ဖြူ ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့က သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီးမှာ ဝေဒနာစတင် ပေါ်ပေါက်စဉ်က စစ်တွေမြို့ရှိ ဆေးရုံဆေးခန်းများတွင်သွားရောက်ပြသခဲ့ရာ အသည်းတွင် ပြေတည်နေသည်ဟုသိခဲ့ရပြီး နောက်ထပ်ရက်ချိန်းဖြင့် ပြန်လွှတ်လိုက်ရာမှ လမ်းကြောင်းများပိတ်ဆို့သွားမှုကြောင့် ထပ်မံပြသခွင့်မရတော့ဘဲ ဝေဒနာဆိုးရွားခဲ့ရခြင်းဖြစ်ကြောင်း သေဆုံးသူအမျိုးသမီး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ခင် စစ်တွေမှာပြနေတာပါ။ တိုက်ပွဲစဖြစ်တော့ လမ်းကြောင်းတွေ ပိတ်တာနဲ့ ဘယ်လိုမှ သွားလို့မရတော့ဘူး ဖြစ်သွားတယ်။ စစ်တွေမှာ ပြတုန်းကတော့ ဆရာဝန်က အသည်းမှာ ပြေတည်တယ်လို့ ပြောတယ်။ ဆေးပေးပြီး နောက်ထပ် ပြန်လာပြဖို့ ရက်ချိန်းလိုက်တာ လမ်းပိတ်သွားတော့ ဝေဒနာကပိုဆိုးပြီး ခုလိုပဲဖြစ်သွားရတာ” ဟု ပြောသည်။

လမ်းပိတ်ထားမှုကြောင့် စစ်တွေသို့သွားရောက် မပြသနိုင်သည့်အတွက် မြောက်ဦးရှိ ဆေးရုံဆေးခန်းများတွင် သွားရောက်ပြသမှုများရှိခဲ့သော်လည်း ဝေဒနာမှာ သက်သာခွင့်မရဘဲရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါအမျိုးသမီးမှာ ဆေးကုသမှုများအဆင်မပြေဘဲ တစ်နှစ်နီးပါး ဝေဒနာခံစားခဲ့ရကာ ယခု နိုဝင်ဘာလထဲတွင် သေဆုံးသွားရခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်တွင် ART ဆေးပြတ်လပ်သွား၍ HIV လူနာတစ်ဦး သေဆုံးခဲ့ရပြီး မာန်အောင်မြို့နယ်တွင်လည်း ဩဂုတ်လအတွင်းက HIV လူနာတစ်ဦး ART ဆေးပြတ်လပ်၍ သေဆုံးမှုရှိခဲ့သည်။

ရခိုင်တွင် ဆေးကုသမှုအဆင်မပြေခြင်း၊ ဆေးဝါးပြတ်လပ်ခြင်း၊ အချိန်မီ ဆေးကုသနိုင်မှုမရှိခြင်းတို့ကြောင့် မြို့နယ်အလိုက် သေဆုံးသူများတိုးမြင့်လျှက်ရှိနေပြီး ထိုကဲ့သို့ သေဆုံးသူများကို western news မှ ပြုစုထားချက်အရ ၈ ဦးထက်မနည်း ရှိပြီလည်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ