Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ်။ (ဓါတ်ပုံ - Western News)

ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေသည်မှာ ၅ လခန့်ကြာမြင့်နေပြီး ကလေးငယ်များ သေဆုံးမှု မြင့်တက်နေကြောင်း သိရသည်။

အနောက်ရဲ မွတ်ဆလင်စခန်းတွင် ၇ ရက်အတွင်း ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အခု ၇ ရက်အတွင်း အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦး ဝမ်းရောဂါကြောင့် သေဆုံးသွားပါတယ်။ ကျနော်တို့ခစန်းမှာ ဝမ်းရောဂါဖြစ်ပွားနေတာ ၅ လ လောက်ရှိပါပြီ။ ဘာဆေးဝါးမှလည်း မရှိဘူး။ ဘယ်သူမှလည်း ဆေးမကုပေးဘူး။ ” ဟု ပြောသည်။

ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြကြောင်း ဒုက္ခသည်များက ပြောသည်။

ဆင်တက်မော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း စသည့် မွတ်ဆလင်ဒုက္ခသည်စခန်းများတွင်လည်း ၅ ဦးကနေ ၁၅ ဦးပတ်ဝန်းကျင်အထိ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး အများဆုံးမှာ ကလေးငယ်များဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောဆိုကြသည်။

စခန်းနှင့် အမည် မဖော်လိုသည့် စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ” စားနပ်ရိက္ခာပြတ်လပ်နေတာ ၅ လလောက်ရှိပါပြီ။ ကြုံရာရှာစားနေရပါတယ်။ ကလေးတွေက အစာအဟာရ ပြတ်တော့ ဗိုက်ဆာတဲ့အချိန် သန့်ရှင်းလား မသန့်ရှင်းလား မသိ တွေ့တဲ့ဟာ ကောက်စားတာပဲ။ စခန်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူ ကလေး ၂၀ ကျော်နဲ့ လူကြီး ၁၀ ကျော်ရှိပါတယ်။ ပြီးခဲ့ရက်ပိုင်းအတွင်းက ကလေး ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ရပါတယ်။ ဆေးကုဖို့ ဆေးဝါးကမရှိ၊ ဆေးဝယ်ဖို့ ပိုက်ဆံလည်းမရှိဘူး။ နောက်ထပ် လူတွေ ထပ်သေမှာကို အရမ်းစိုးရိမ်နေရပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးပြတ်လပ်မှု၊ ကုန်ဈေးနှုန်းဈေးကြီးခြင်းမှာ အလွန်ဆိုးဝါးနေကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ပေါက်တောဒေသခံ လူငယ်တစ်ဦးက ပြောသည်။

” ကျနော်တို့ ရခိုင်မှာ ကျန်းမာရေးက တော်တော် ဆိုးနေတယ်လို့ ပြောလို့ရပါတယ်။ ဆေးဝါးမရှိတာ။ ရှိတဲ့ဆေးဝါးလည်း ဈေးအလွန်ကြီးနေတာ မရှိဆင်းရဲသားတွေ ဘယ်လိုမှ ရောဂါ မကုနိုင်ကြဘူး။ ရောဂါကြီးရင် သေဖို့ ၉၉ ရာခိုင်နှုန်းသေချာသွားတယ်။ မြောက်ဦးက ကျနော့်မိသားစုဝင်တစ်ဦးဆို မနေ့က အာရုံကြောအားနည်းရောဂါနဲ့ ဆေးရုံမှာပဲ သေသွားရတယ်။ ဒီလိုပဲ ရခိုင်ပြည်အနှံ့ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းလို့ သေသွားရတဲ့ သူတွေ အများကြီးပါပဲ။ ” ဟု ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု မကောင်းခြင်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ နယ်မြေနှင့် လွတ်မြောက်နယ် နှစ်ခုစလုံးတွင် ဖြစ်နေပြီး အထူးသဖြင့် AA ထိန်းချုပ်နယ်မြေတွင် ဆေးဝါးပြတ်လပ်ခြင်းနှင့် ဆရာဝန်ကောင်းများဖြင့် ကုသမှုမခံရ၍ သေဆုံးသူ တိုးလာနေခြင်းဖြစ်သည်။

Western News ၏ စာရင်းမှတ်တမ်းများအရ ဆေးဝါးပြတ်လပ်ခြင်းနှင့် ဆရာဝန်များ မရှိခြင်းကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်သည်။

ရခိုင်ပြည်အတွင်း အထူးသဖြင့် လွတ်မြောက်နယ်မြေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ ပညာရေးအခြေအနေ၊ ကုန်စည်စီးဆင်းမှု စသည့် အခြေအနေများကို မေးမြန်းရန် Western News က ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိပေ။

ဆေးဝါးများမရှိ၍လည်း ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် ဒုက္ခသည်များမှာ ကျန်းမာရေးမကောင်းခြင်း၊ ရာသီတုပ်ကွေးများ ခံစားနေကြရသည်ဟု နောက်ထပ် အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် မွတ်ဆလင် အမျိုးသမီးတစ်ဦးက ပြောသည်။

” ကျမမှာ မိသားစုတစ်စုလုံး နေမကောင်းဖြစ်နေကြတယ်။ ဖျားတဲ့သူကဖျား၊ ဝမ်းလျှောတဲ့သူက ဝမ်းလျှော၊ ရာသီတုပ်ကွေး သွေးလွန်တုပ်ကွေးဖြစ်တဲ့သူကဖြစ်နဲ့ တော်တော်လေးကို စိတ်ဆင်းရဲနေရပါတယ်။ ဒီကြားထဲ ထမင်းနပ်မှန်စားရဖို့ မနည်းရုန်းကန်နေရတယ်။ ကျမလိုပဲ တခြားမိသားစုတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အားဆေးလည်း မသောက်ရဘူး။ ကာကွယ်ဆေးတွေလည်း မသောက်ရဘူး။ တော်တော်လေးကို ဒုက္ခရောက်နေကြရပါတယ်။ ကူညီကြပါကယ်ကြပါ။ ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းဒေသတွင် ခိုလှုံနေကြသော စစ်ရှောင်များထဲမှ ကလေးငယ်များအပါအဝင် လူပေါင်း ၅၀၀ ခန့်နှင့် မင်းပြားမြို့နယ် ခွဆုံကျေးရွာတွင် လူ ၅၀ ကျော် စုစုပေါင်း ၅၀၀ ကျော် အရေပြားရောဂါ ခံစားနေရသည်ဟု ရွာသားများထံမှ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ