Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပေါက်တောမြို့နယ်က အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓါတ်ပုံ - Western News/CJ)

(AA ဆေးတပ်ဖွဲ့က ကုသပေးနေ၍ ပြန်လည်ကောင်းမွန်သူ ၆၀ ရာခိုင်နှုန်းအထိရှိလာ)

ရခိုင်ပြည် ပေါက်တောမြို့နယ်ရှိ အနောက်ရဲကျေးရွာက မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် သေဆုံးသူ ၁၃ ဦးအထိ ရှိလာကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။

သေဆုံးသူ ၁၃ ဦးထဲ ၅ နှစ်အောက် ကလေးငယ် ၉ ဦးနှင့် အသက် ၃၀ အရွယ် ၄ ဦးဖြစ်ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဝမ်းပျက်ဝမ်းလျောကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိသွားပါပြီ။ အသက် ၅ နှစ်အောက် ကလေးငယ် မိန်းကလေး ၅ ဦးနဲ့ ယောက်ျားလေး ၄ ဦးပါ။ အသက် ၃၀ အရွယ် ကလေးမိခင် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၁၃ ဦးဖြစ်ပါတယ်။ အခုတော့ AA ဆေးတပ်ဖွဲ့က ဆေးခန်းဖွင့်ပြီး ကုပေးနေတာရှိပါတယ်။ ဖြစ်နေတာက စခန်းတစ်ခုလုံးဆိုတော့ ပြန်ကောင်းလာသူက ၆၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။ ကျန် ၄၀ ရာခိုင်နှုန်းက ဆေးကုသမှု ခံယူနေရဆဲပါ။ ” ဟု ပြောသည်။

ပေါက်တောမြို့နယ်တွင် မွတ်ဆလင်ဒုက္ခသည်စခန်း ၅ ခုရှိပြီး ၎င်းတို့မှာ အနောက်ရဲ၊ ဆင်တက်မော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း (၁) နှင့် ငှက်ချောင်း (၂) တို့ဖြစ်သည်။

အဆိုပါ မွတ်ဆလင်ဒုက္ခသည်စခန်း အားလုံးတွင် ကလေး၊ လူကြီး၊ လူငယ် အားလုံး နီးပါးဝမ်းရောဂါခံစားနေရပြီး အာရက္ခတပ်တော် AA ဆေးတပ်ဖွဲ့က ဆေးကုသပေးနေသော်လည်း ဆေးဝါးမလုံလောက်မှုကြောင့် ကျန်းမာရေးပြန်လည်ကောင်းမွန်ရေးမှာ အခက်အခဲရှိနေကြသည်ဟု သိရသည်။

ဆင်တက်မော် မွတ်ဆလင်ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးက ” ဝမ်းရောဂါဖြစ်နေကြတာက ၅ လကျော် ၆ လလောက်ရှိနေပါပြီ။ အဓိကတော့ အစာအဟာရ ချို့တဲ့မှုကြောင့် ကလေးတွေဟာ လမ်းမှာ တွေ့တဲ့ဟာကို ကောက်စားကြပါတယ်။ ကျနော်တို့မှာ ဘာအထောက်အပံ့မှ မရရှိတော့ ကလေးတွေကို ထမင်းနပ်မှန်အောင် မကျွေးနိုင်ဘူး။ ကျနော်တို့လည်း ဘာအလုပ်မှ လုပ်လို့မရတော့ စားနပ်ရိက္ခာ မဖုံလုံမှုက အရမ်းစိန်ခေါ်မှုဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့က စခန်းမှာနေရတော့ ပတ်ဝန်းကျင်ကလည်း မသန့်ရှင်းဘူးလေ။ ” ဟု ပြောသည်။

ပေါက်တောဒေသက မွတ်ဆလင်ဒုက္ခသည်စခန်းများမှာ ယခင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့မှုဖြင့် ရပ်တည်ခဲ့ရပြီး တကျော့ပြန်တိုက်ပွဲများကြောင့် WFP မှာလည်း လုပ်ငန်းများလျော့ချထား၍ ပေါက်တောက ဒုက္ခသည်မွတ်ဆလင်များမှာ ရိက္ခာမရသည်မှာ ၈ လကျော် ရှိနေပြီဖြစ်သည်။

မွတ်ဆလင်ဒုက္ခသည်များမှာ ပင်လယ်ထွက် သားငါးရှာဖွေ လုပ်ကိုင်စားသောက်ကြသော်လည်း ကုလားတန်မြစ်ထဲ သွားလာနေသည့် စစ်ကောင်စီရေတပ်က ဖမ်းဆီးခြင်းကို ခံနေရပြီး ကုန်ခဲ့သည့် စက်တင်ဘာလ ၂၃ ရက် နေ့လယ် မွတ်ဆလင် ၁၅ ဦးအဖမ်းခံခဲ့ရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကို တစ်ရက်တာ ခံရပြီးနောက် စက်တင်ဘာလ ၂၄ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြန်လွတ်လာသူများက ပြောသည်။

အနောက်ရဲ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၆၀၀၀ ခန့်ရှိပြီး ဒုက္ခသည်စခန်း ၅ ခုလုံးတွင် မွတ်ဆလင် လူဦးရေ ၂၅၀၀၀ ကျော်ရှိကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ