Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်၊ ဝါရှင်တန်မြို့တွင် ပြုလုပ်သည့် နိုင်ငံခြားရေးဌာန၌ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်များအား စကားပြောဆိုနေစဉ်။ (Getty Images)

မြန်မာ စစ်အာဏာရှင်အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီအနေဖြင့် အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်ခြင်းမှာ မြန်မာပြည်သူများ၏ ပြင်းပြသော ဆန္ဒသဘောထားများနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။

စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၃၁ တွင် စစ်အာဏာသိမ်းကာလ သက်တမ်းတိုးလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ မက်သရူးမေလာ (Matthew Miller) က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည်။

” မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်အတိုက်အခံပြုခြင်းအပါအဝင် မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိသည် ” ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်ကောင်စီကို အမေရိကန်က တောင်းဆိုထားသည်။

စစ်ကောင်စီက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရမည်ဖြစ်သလို မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း ပြန်လွှတ်ပေးရမည်ဟု မက်သရူးမေလာ (Matthew Miller) က‌ ပြောသည်။

” လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့် ပြုရပါမည်။ ” ဟု ဆိုသည်။

ထောင်ပေါင်းများစွာသော ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများတွင် အကာအကွယ်တောင်းခံရမှုများနှင့်အတူ ပြည်သူ ၃ သန်းကျော် စစ်ဘေးရှောင်နေကြရခြင်း၊ သန်းပေါင်းများစွာသော ပြည်သူများ ဆင်းရဲတွင်း နက်သထက် နက်လာခြင်းများဖြင့် စစ်တပ်၏ လုပ်ရပ်များက အကြပ်အတည်းကို ပိုမို ရှည်ကြာစေလျက်သာ ရှိကြောင်း အမေရိကန်က ထောက်ပြထားသည်။

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာစေရန် မြန်မာလူမျိုးများ၏ ပြင်းပြသည့်ဆန္ဒများကို အမေရိကန်ပြည်ထောင်စုနှင့် မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များက ဆက်လက် အားပေးထောက်ခံသွားမည်ဟု သိရသည်။

ဆက်စပ်သတင်းများ