Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်စွန့်ပြီး ရွေးကောက်ပွဲလမ်းစဉ် ရွေးချယ်ကြရန် ပြောဆိုချက်အပေါ် ကချင် KIO နှင့် ကရင် KNU တို့က ကန့်ကွက်ကြောင်း တုံ့ပြန်ကြသည်။

ပါတီလမ်းကြောင်းကနေ ရွေးကောက်ပွဲလမ်းရွေးချယ်ကာ နိုင်ငံ‌ရေးပြဿနာများများကို ဖြေရှင်းကြရန် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ည ၈ နာရီက ဝါဒဖြင့် မီဒီယာများမှတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များကို မင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့သည်။

KIO ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က “ဘာကြောင့် အာဏာလွှဲပြောင်း ယူလိုက်ရတာလဲဆိုတာကို ထုချေလွှာ တင်ပြနဲ့ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ်ချက်ဖြစ်နေ။ ခေါ်ပုံ၊ ခေါ်နည်း နည်းနည်းများ လိုသေလား…လို့ပါ” ဟု သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုကြောင့် ၂၀၀၈ အရ စစ်တပ်က အာဏာယူခဲ့ရကြောင်း၊ လက်ရှိတွင် သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်၍ နိုင်ငံရေးပြဿာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် လက်နက်စွန့်ကြဟု စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက်သည် ရွေးချယ်စရာလမ်းမရှိတော့၍ ဟန်ပြလုပ်နေခြင်းနှင့် တိုင်းပြည်အား အောက်ဆုံးအထိ ချောက်ထဲသို့ ဆွဲနှစ်နေသည်ဟု NUG ထိပ်ပိုင်းခေါင်းဆောင်များက ပြောဆိုကြသည်။

ကရင်တပ် KNU ကလည်း မင်းအောင်လှိုင်၏ ပြောဆိုချက်သည် အရည်မရအဖတ်မရ ဓာတ်ပြားဟောင်းသာဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအပါအဝင် အချက် ၃ ချက်မရဘဲ ဆွေးနွေးစရာမရှိဟု တုံ့ပြန်ထားသည်။

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက “အဲဒီလို အရည်မရ အဖတ်မရ ဓာတ်ပြားဟောင်းကြီးနဲ့ ခဏခဏ လာဖွင့်ပြမနေနဲ့တော့ဗျာ။ အလကားနားညဉ်းတယ်။ ကျနော်တို့ အားလုံးမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့ ဘုံသဘောတူညီချက်ရှိပြီးသား။ တစ်အချက်က စစ်တပ်က နိုင်ငံရေးက ထွက်ပြီးတော့ အရပ်သားအုပ်ချုပ်မှုအောက်မှာ နေပြီးတော့ Professional စစ်တပ်အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို လက်ခံရမယ်။ ဒါက နံပါတ်တစ်အချက်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဖွဲ့စည်းအခြေခံဥပဒေသစ်ရေးဆွဲရေးကို လက်ခံရမယ်။ နံပါတ် ၃ အချက်ဖြစ်တဲ့ အဓိက အကျဆုံးဖြစ်တဲ့ ကျူးလွန်ခဲ့သမျှသော စစ်ရာဇဝတ်မှု မှန်သမျှ တိုင်းသူပြည်သား ပြည်သူလူထုအပေါ်မှာ နေ့စဉ်နဲ့အမျှ ကျူးလွန်ခဲ့တာတွေကို အားလုံးပြန်ပြီးတော့ တာဝန်ခံရမယ်။ အဲဒီအချက်အလက် အဓိကအားဖြင့် ဒီ ၃ ချက်ကို လက်ခံမယ်ဆိုရင်တော့ ဒီနိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် တွေ့ဆုံ ဆွေးနွေးပွဲဆိုတာ ဖြစ်လာမှာပါ။” ဟု ပြောသည်။

အဆိုပါ အချက်များကို လက်မခံဘဲ လျှောက်လုပ်နေလျှင် မည်သည့် ဖြေရှင်းမှုများကိုမှ လက်ခံမည်မဟုတ်ကြောင်းနှင့် စစ်ရေး၊ သံတမန်အရေး၊ စီးပွားရေးပိတ်ဆို့မှု၊ ပြည်သူ့တွန်းအားများဖြင့် ဆက်လက် ဖိအားပေးသွားမည်ဟု ပဒိုစောတောနီးက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ထွက်ပေါက်မရှိ ထွက်ပေါက်ရှာကာ ၂၀၂၅ တွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေခြင်းကို တော်လှန်ရေးအင်အားစုများက လက်မခံကြသလို မြန်မာပြည်သူများ၏ သဘောဆန္ဒအား ဆန့်ကျင်ရာ ရောက်သည်ဟု ပြောဆိုကြသည်။

မင်းအောင်လှိုင်ဦးဆောင်သော မြန်မာစစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် တက်လာသော NLD အစိုးရဖွဲ့ကို ဖမ်းဆီးကာ ၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာလုယူခဲ့၍ တော်လှန်ရေးအင်အားစုများနှင့် မြန်မာပြည်သူများမှာ ယနေ့ထက်တိုင် ကန့်ကွက်ဆန္ဒပြနေကြသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာ သည် Western News ၏ မိတ်ဖက်ဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ