Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်ပြီးနောက် ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ချင်းညီနောင်တပ်ဖွဲ့)

ချင်းပြည်နယ်က လှုပ်ရှားနယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ အကျိုးအတွက် သန်းခေါင်စာရင်းကောက်ယူသော လုပ်ငန်းများတွင် ပူးပေါင်းပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။

ချင်းပြည်အပါအဝင် နိုင်ငံတစ်ဝှမ်း ပြည်သူ့ထောက်ခံမှုမပါသော သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို စစ်ကောင်စီ လုပ်ဆောင်နေခြင်းအပေါ် ချင်းညီနောင်တပ်ဖွဲ့များက ယနေ့ စက်တင်ဘာလ ၃၀ တွင် သဘောထုတ်ပြန်ထားသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းသည် ပြည်သူများ ဖွံ့ဖြိုးရေးထက် စစ်ကောင်စီ အာဏာ သက်ဆိုးရှည်ရေးကို ရည်ရွယ်သည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။

တိုင်းပြည်မငြိမ်သက်မှုများ၊ ပြည်တွင်းစစ် ပြင်းထန်နေချိန် အထူးသဖြင့် ပြည်သူများ စစ်ဘေး၊ သဘာဝဘေးဖြင့် ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို အသုံးပြုနေသည်။

သန်းခေါင်စာရင်းကို အသုံးပြုပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် စစ်အာဏာ သက်ဆိုးရှည်လုပ်ငန်းများအားလုပ်ကိုင်နိုင်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းနှင့် မိုက်ရူးရဲဆန်ပြီး အာဏာမက်မောမှုကို ပြသနေခြင်းဖြစ်သည်ဟု ချင်းညီနောင်အဖွဲ့က ပြောသည်။

ထိုကြောင့် ပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်းနှင့် ပူးပေါင်းပါဝင်ခြင်းများ မပြုကြရန် ချင်းညီနောင်အဖွဲ့က တောင်းဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ