မြဝတီမြို့နယ်၊ တာချီလိတ် အပါအဝင် ကျိုင်းတုံမြို့နယ်၊ ဟိုပုံးနှင့် ကျောက်ဆည်မြို့တို့တွင် တောင်ကျချောင်းရေနှင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာ၍ ရေကြီးရေလျှံဖြစ်ပွားနေကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် ယမန်နေ့မှစတင်ကာ သောင်ရင်းမြစ်ရေ မြင့်တက်လာရာမှ မြ၀တီမြို့နယ်တွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး အဆိုပါရေကြီးမှုသည် ဒုတိယအကြိမ်မြောက်ရေကြီးမှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အနိမ့်ပိုင်းရပ်ကွက်များအားလုံး ရေတက်နေပြီး အချိန်မီပြောင်းရွှေ့ထားနိုင်ကြောင်း မြဝတီအခြေစိုက် ရေဘေးကူညီရေး ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။
“ရေက တက်တယ်ဆိုပေမယ့် လူတွေက အတွေ့အကြုံရှိထားတော့ Alert ဖြစ်တယ်။ သိပ်မကြာသေးခင်က ရေကြီးထားတာဆိုတော့ အနိမ့်ပိုင်းက ပြည်သူတွေလည်း ကိုယ့်ဟာကိုယ် ကြိုရှောင်ကြတယ်။ ရေကြီးတာတော့ နှစ်ကြိမ်ဆိုတော့ ကယ်ဆယ်ရေးသမားတွေလည်း လုပ်စရာရှိတာကို ဆက်တိုက် လုပ်သွားကြတယ်” ဟု ပြောသည်။
လက်ရှိတွင် မြဝတီမြို့နယ်ရှိ သောင်ရင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ နှစ်ပေကျော် ရောက်ရှိနေကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ ဟိုပုံးတို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေပြီး တံတားဖြတ်သန်းခွင့်များကို ပိတ်ပင်ထားကြောင်း တာချီလိတ် ဒေသခံတစ်ဦးက ပြောသည်။
“မယ်ဆိုင်ချောင်းက ရေကြီးတာက တံတားပါ မြုပ်နေပြီ။ ဖြတ်သန်းခွင့်တော့ ပိတ်ထားပြီ။ ထိုင်းဘက်ရော မြန်မာဘက်ပါ ရေကြီးနေတာ။ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေလည်း မရဘူး။ ရာဂီမုန်တိုင်းကြောင့် မိုးတွေ တအားရွာပြီး ချောင်းရေတက်လာလို့ အဓိက ရေကြီးတာပါ” ဟု ဆိုသည်။
အလားတူ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင်လည်း ဇော်ဂျီမြစ်ရေကြီးမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက် ၅ ခုထက်မနည်း ရေဝင်ရောက်နေကြောင်း စုံစမ်းသိရသည်။
ယင်းအပြင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေလွှတ်ခြင်းတို့ကြောင့် ရုတ်တရက် ရေကြီးပြီး ပြည်သူများ ပိတ်မိနေကာ ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
(ရန်ကုန်ခေတ်သစ်မီဒီယာ သည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)
1 Comment
Zaproxy dolore alias impedit expedita quisquam.
Comments are closed.