အမျိုးသမီးဗိုလ်လောင်းများကို မင်းအောင်လှိုင်က တိုက်ပွဲဝင်ခိုင်းနေ
မြန်မာစစ်တပ်ထဲက အမျိုးသမီးစစ်မှုထမ်းများအနက် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းများ မြဲသုံးမြဲကို လက်ကိုင်ထားပြီး တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးညွှန်ကြားနေသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်မြို့ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်း စစ်ရေးပြအခမ်းအနားမှာ မင်းအောင်လှိုင်က တက်ရောက် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကို ကာကွယ်ရန် ကျား/မ မရွေး နိုင်ငံသားတိုင်း ထမ်းရွက်ကြရမည့် မွေးရာပါ သမိုင်းပေးတာဝန်ဖြစ်သည့်အတွက် အမျိုးသမီးစစ်မှုထမ်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မွေးထုတ်ပေးနေခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ဆိုသည်။ အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်းစစ်ရေးသတိ၊ အမြဲတမ်းတိုက်ပွဲဝင်ရန်အသင့် စသည့် မြဲသုံးမြဲကို လက်ကိုင်ထားပြီး အမျိုးသမီးဗိုလ်လောင်းများအနေဖြင့် တိုက်ပွဲဝင်ရမည်ဟု သိရသည်။