Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်အတွင်း စစ်မီးတောက်များနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်း လုံးဝ မရှိသဖြင့် တကိုယ်တည်းရုန်းကန်နေရေသော Single Mother များ ကျပ်ကျပ်တည်းတည်း ဖြတ်သန်းနေရကြောင်း စုံစမ်းသိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ လုပ်ကိုင်နေသော မင်းပြားဒေသခံ သားသမီး ၃ ဦးမိခင် အသက် ၄၀ အရွယ် Single Mother မျိုးသမီးတစ်ဦးက ပုံမှန်ဝင်ငွေမရှိ၍ တစ်ရက်စားသောက်ရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ဟု ပြောသည်။

” ဆောက်လုပ်ရေးက အရင်လို အလုပ်မဖြစ်တော့ဘူး။ တိုက်ပွဲနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ဆောက်လုပ်ရေးတွေကို ရပ်တန့်ထားကြတယ်။ ကျမက အုတ်စီအုတ်ပြောင်း မဆလာဖျော် လုပ်ရတာ။ အလုပ်ဖြစ်တဲ့အချိန်က တစ်ရက်ကို ဝင်ငွေ ၁၀,၀၀၀ သောင်းကနေ ၂၀,၀၀၀ သောင်းလောက်အထိ ရတယ်။ အခု အလုပ်မဖြစ်တော့ ငွေ ၁၀,၀၀၀ ဝင်ဖို့ မလွယ်ဘူး။ ဒီကာလမှာ ငွေ တစ်ရက် ငွေ ၃၀,၀၀၀ ရင်တောင် ကုန်ဈေးနှုန်းနဲ့ လူ ၃ ယောက် တစ်ရက်စားသောက်ဖို့ မလွယ်ဘူး။ တော်တော်လေးကို ကျပ်ကျပ်တည်းတည်းနဲ့ ဖြတ်သန်းနေရတာ။ တော်ပါသေးတယ်။ သားသမီးတွေအပါအဝင် ကျမတို့ မိသားစု ကျန်းကျန်းမာမာရှိနေကြလို့။ ” ဟု ပြောသည်။

လက်နက်ကြီးများနှင့် လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များမှာလည်း စစ်ကောင်စီ လေကြောင်းအန္တရာယ် ဆက်လက်ရှိနေသေး၍ ပြန်လည်ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းများကို လုပ်ကိုင်ဆောင်ရွက်မရှိကြဘဲ ရခိုင်က ဆောင်လုပ်ရေးလုပ်ငန်းများမှာ အလုပမဖြစ်ကြပေ။

ပွဲလင်းသဘင်များ မရှိခြင်းနှင့် စားရေးကို ဦးစားပေးနေရခြင်းကြောင့် စက်ခြုလုပ်ငန်းများမှာလည်း ထိခိုက်မှုရှိနေပြီး ပုံမှန် ဝင်ငွေမရှိသည်မှာ ၇ လခန့်ရှိနေပြီဟု ရသေ့တောင်ဒေသခံ အင်္ကျီစက်ခြုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသော ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး မိခင် Single Mother အမျိုးသမီးတစ်ဦးက ပြောသည်။

” စက်ခြုပ်တာက အလုပ်မဖြစ်တာ ကြာပြီ။ တိုက်ပွဲတွေကြောင့် ပွဲလန်းသဘင်တွေလည်းမရှိဘူး။ အခုကာလက လူတိုင်းက အပိုဝင်ငွေမရှိတော့ ချွေတာ သုံးနေရတယ်။ ဝတ်ဖို့ထက် စားဖို့ကို ဦးစားပေးနေရတော့ အရင်က တစ်ရက်မှာ စက်ခြုပ်လာအပ်သူ ၅ ဦးလောက်ရှိတယ်ဆိုရင် အခု ၂ ဦးတောင် လာမအပ်ကြဘူး။ ပုံမှန်ဆို မိုးနှောင်းကာလဆိုရင် နွေရာသီပွဲတွေအတွက် ကြိုတင် အဝတ်ခြုပ်ဖို့ အပ်တာရှိတယ်။ အခု တစ်ယောက်တောင် မလာကြဘူး။ တစ်ရက်မှာ ငွေကျပ် ၅ ထောင်တောင် မဝင်ဘူး။ ရုန်းကန်ရတာ မလွယ်ဘူး မလွယ်ဘူး။ ” ဟု ဆိုသည်။

သူမမှာ စိတ်သဘောထား မတိုက်ဆိုင်၍ အိမ်ထောင်ဖက်နှင့် လမ်းခွဲခဲ့သည်မှာ ၅ နှစ်ခန့်ရှိနေပြီး ယခုအချိန်တွင် အိမ်ထောင်ဖက်ကို တမ်းတမိပြီး အိမ်ထောင်ဖက်နှင့်အတူ ဘဝကို ရုန်းကန်နေရပါက စိတ်သက်သာရာ ရရှိမည်ဟု ၎င်းက ပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် အမျိုးသမီးများစွမ်းရည်မြှင့် သင်တန်းဆရာ လုပ်ကိုင်နေသော စစ်တွေမြို့ဒေသခံ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် ၈ နှစ်အရွယ် ကလေးတစ်ဦး မိခင် Single Mother အမျိုးသမီးတစ်ဦးကလည်း ရခိုင်ပြည်အတွင်း နိုင်ငံတကာအဖွဲ့အစည်းများ လုပ်ငန်းများလျော့ချခြင်းနှင့် ဝန်ထမ်းများလျော့ချထားခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်နေရသည်ဟု ပြောသည်။

” INGO မှာ လုပ်တုန်းက ဝင်ငွေကောင်းတော့ မိသားစု စားဝတ်နေရေးက အဆင်ပြေတယ်။ ဝန်ထမ်းလျော့ချတဲ့အထဲ ပါသွားတော့ အလုပ်လက်မဲ့ဖြစ်သွားတယ်။ အခု ရှိတာ ထုခွဲစားသောက်နေရတယ်။ တော်တော်လေးကို ချွေတာ စားသောက်နေရတာ။ ၈ နှစ်အရွယ်ကလေးဆို အမျိုးသမီး။ သမီးကို အမျိုးသမီးတစ်ဦး ပီပီ မပြင်မဆင်ပေးနိုင်ဘူး။ ထမင်းမငတ်ဖို့ကို ချိန်နေရတယ်။ အလုပ်ကလည်း တခြားအလုပ်လည်း မလုပ်တတ်။ ဒီကာလမှာလည်း အလုပ်က အရမ်းရှားတယ်။ ဘယ်အချိန် ထမင်းငတ်မလဲ တွေးပူနေရတယ်။ ကုန်ဈေးနှုန်း ဈေးကြီးနေတာကလည်း ကျမတို့အတွက် အရမ်းဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်။ ဒီကာလမှာက အကုန်လုံးပါပဲ။ ဒုက္ခရောက်နေကြတာ။ ” ဟု ဆိုသည်။

အမည်မဖော်လိုသည့် အမျိုးသမီးအဖွဲ့အစည်းတစ်ခုက ရခိုင်ပြည်အတွင်း Single Mother အိမ်ထောင်စု နှစ်သောင်းနှင့်အထက်ကို ရှိကြောင်း Western News ကို ခန့်မှန်းပြောဆိုထားသည်။

Single Mother ဆိုသည်မှာ အိမ်ထောင်ကျပြီး ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကွာရှင်းထားသော အမျိုးသမီး၊ လမ်းခွဲနေကြသော အမျိုးသမီး၊ အိမ်ထောင်ဖက် ကွယ်လွန်သွားသော အမျိုးသမီးနှင့် သားသမီးများအပေါ် မှီခိုနေထိုင်သော အမျိုးသမီး စသဖြင့်ကို ဆိုလိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ