Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မနွယ်သန္တာဝင်း သေဆုံးမှု နောက်ဆက်တွဲဖြစ်စဉ် တွေ့ရှိချက် (Special Report)

ပြည်နယ် စစ်ကောင်စီအစိုးရ ရုံးစိုက်ရာ၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းအနီး၊ လူစည်ကားသည့် မေယုလမ်းပေါ်ရှိ ဆိုင်ခန်းငယ်တစ်ခု၌ ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ညနေ့က ၁၈ နှစ်ရွယ် အမျိုးသမီးငယ်တစ်ဦး ဓားထိုးခံရမှုဖြစ်စဉ်သည် တရားဥပဒေစိုးမိုးမှုကင်းကွာနေသည့် စစ်တွေမြို့ပေါ်သို့ အကြောက်တရားစိုးရိမ်မှုများကိုထပ်ဆင့် ယူဆောင်လာခဲ့သည်။

မြို့တော်တွင် ဆိုင်ကယ်ခိုးခံရမှု၊ ပစ္စည်းလုယက်ခံရမှု၊ ဒေသ လက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်းဖမ်းဆီးမှုများကိုသာတွေ့ရှိနေရသည့် သတင်းများနေရာတွင် အမျိုးသမီးငယ်၏ ဓါးထိုးသတ်ဖြတ်ခံရမှုဖြစ်စဉ်သည် ရခိုင်လူထု၏ စိုးရိမ်ပူပန်မှုကိုပိုမိုဖြစ်ပေါ်စေခဲ့သည်။

■ အိမ်ပြန်မလာသည့်နေ့

အိမ်မှ စီစဉ်ပေးသည့် ထမင်းဘူးနှင့် စစ်တွေမြို့ထဲသို့ အလုပ်သွားလေ့ရှိသည် အသက် ၁၈ နှစ်ရွယ်ရှိ ‘ပေါက်စ’ ဟု အိမ်၌ ချစ်စနိုးခေါ်ဆိုခံရသည့် မနွယ်သန္တာဝင်းသည် သြဂုတ်လ ၁၅ ရက်နေ့တွင် နေအိမ်မှ သူနောက်ဆုံးထွက်ခွာသွားရသည့် နေ့မှန်း ကြိုတင်မသိရှိနိုင်ခဲ့ပေ။

မနွယ်သန္တာဝင်းမှာ စစ်တွေမြို့ မင်းဂံရပ်ကွက်တွင်နေထိုင်သူ အသက်(၁၈) နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ မနွယ်သန္တာဝင်းမှာ မွေးချင်း ၄ ဦးအနက် အငယ်ဆုံးသမီးဖြစ်သည်။ ယခု ၂၀၂၂ ခုနှစ်တွင်ဆယ်တန်းကို ဘောဂဗေဒဂုဏ်ထူး တစ်ဘာသာဖြင့်အောင်မြင်ထားသူဖြစ်ပြီး တက္ကသိုလ်စရိတ်အတွက် အထောက်အကူဖြစ်စေရန် မေယုလမ်းဘေးရှိ လျှပ်စစ်ဆက်စပ်ပစ္စည်းနှင့် ပလစ်စတစ်အသုံး အဆောင် ပစ္စည်းအချို့ရောင်းသည့် ‘Luminous’ဆိုင်တွင် ဝင်ရောက်လုပ်ကိုင်နေခဲ့ခြင်းဖြစ်ပြီး အမှန်တရားဖက်တွင်ရပ်တည်တတ်သည့် ရှေ့နေကောင်းတစ်ဦးဖြစ်မြောက်လာရန်လည်း ဆန္ဒရှိခဲ့သူတစ်ဦးဖြစ်သည်။ မနွယ်သန္တာဝင်းအနေဖြင့် ဆိုင်တွင်အလုပ်လုပ်ကိုင်နေသည်မှာ ၃ လခန့်ရှိပြီဖြစ်ကာ ဆိုင်မှာပစ္စည်းအရောင်းဆိုင် တစ်ခုဆိုသည်ထက် သိုလှောင်ရုံတစ်ခုပုံစံမျိုးဖြစ်သည့်အတွက် ပစ္စည်းအဝင်အထွက်စာရင်းများကို အဓိကလုပ်ကိုင်ရခြင်းဖြစ်သည် ဟု မိသားစုဝင်များကပြောသည်။

မနွယ်သန္တာဝင်းမှာ ၎င်းအလုပ်လုပ်ကိုင်နေသည့်ဆိုင်ကို နံနက် ၈ နာရီအရောက်သွားတတ်ပြီး ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ပြန်လာတတ်ကာ မိုးရာသီဖြစ်သည့်အတွက် ရာသီဥတုမကောင်းသည့်နေ့ရက်များတွင် ဖခင်ဖြစ်သူကအကြိုအပို့လုပ်ပေးတတ်သော်လည်း မိမိဘာသာပုံမှန်သွားလာနေခြင်းသာဖြစ်သည်ဟု အဖိုးဖြစ်သူ ဦးကျော်ဝင်းကပြောသည်။

“ကျွန်တော်သမီးအငယ် (အမေညီမ)နဲ့ မစန္ဒာဝင်းနဲ့အတူလုပ်ကြတာ၊ ဆိုင်မတူဘူးပေါ့၊ ပုံမှန်လည်းဆိုင်ကူသိမ်းပေးနေကျဆိုတော့ ညနေဘက်ဖုန်းဆက်တယ်။ ဆိုင်သိမ်းရအောင်လို့၊ ဖုန်းကလက်ခံမဖြေတော့ ဆိုင်လိုက်သွားတယ်။ ဆိုင်ရှေ့ရောက်တော့ သူ့ထီးကို ချိတ်ထားတာတွေ့တယ်။ ဆိုင်ခန်းထဲမှာ မရှိလို့ ဆိုင်နောက်ဘက်ထဲဝင်သွားတော့ သူ့ကိုမြေပြင်မှာ ဓါးဒဏ်ရာတွေနဲ့တွေ့လို့ ဆိုင်ရှေ့ဘက်ပြန်ပြီးကြောက်လန့်တကြားပြေးလာခဲ့တော့တယ်” ဟုအဖိုးဖြစ်သူက ၁၅ ရက်နေ့ဖြစ်စဥ်အား ပြန်ပြောင်းပြောပြလေသည်။

မနွယ်သန္တာဝင်းသည် ဆိုင်ပစ္စည်းများထားရာ နောက်ဘက် အခန်းထောင့်တွင် ခွေလျှက်နှင့် ဗိုက်ပေါ်တွင်ဓါးဒဏ်ရာ နှစ်ချက်နှင့်သေဆုံးနေခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရဲနှင့် ဆိုင်တာဝန်ရှိသူများရောက်လာကာ စစ်ဆေးမှုပြုခဲ့ကြခြင်းဖြစ်သည်။

အလောင်းဘေးအနီးနားရှိ မြေပြင်တွင် ရုန်းရင်းပြိုလဲသည့် အနေအထားလည်းမတွေ့ရှိရဘဲ မျက်နှာနှင့်လည်းပင်းတွင် အညိုမဲများစွဲနေသည်ဟု သေဆုံးမှုတွေ့ရှိချက် ဆေးစာကိုဖတ်ခွင့်ရရှိခဲ့သည့် အမျိုးသမီးအရေးလှုပ်ရှားသူနှင့် သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်ပေးသည့် ပရဟိတလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

သေဆုံးမှုနှင့်ဆက်စပ်၍ မတော်တဆသေဆုံးမှုများကို ကူညီဆောင်ရွက်ပေးနေသူ၊ ရုပ်လောင်းများနှင့်ပတ်သက်ပြီး အတွေ့ကြုံရှိပြီး မသန္တာဝင်းအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့်သူအား Western News မှစုံစမ်းမေးမြန်းရာတွင် သေဆုံးမှုမှာနေ့လည်ပိုင်း ၂ နာရီဝန်းကျင်ကြားတွင် သေဆုံးခြင်းဖြစ်သွားနိုင်ကြောင်းဆိုသည်။

“၆ နာရီလောက်မှာ အလောင်းကိုကူညီသွားသယ်တယ်။ အလောင်းကခြေတွေလက်တွေ ဆန့်မရတော့ဘူး။ လတ်တလောသေနေတာမဟုတ်ဘူး။ ခန့်မှန်းရသလောက် နေ့လည် ၂ နာရီလောက်ကတည်းကဖြစ်နိုင်တယ်။ သူ့ခန္ဓာကိုယ်ကဒဏ်ရာ တွေကတော့ လည်ပင်းအညိုမဲစွဲနေတာရယ်၊ ဗိုက်မှာ ဓားဒဏ်ရာ ၂ ချက်ရယ်ရှိတယ်။ ဓားက ကြက်သွန်လှီးဓား လက်ကိုင်အမဲနဲ့။ ကျနော်တွေ့ခဲ့တာကတော့ အလောင်းဘေးမှာပဲတွေ့တယ်။ ဓားရိုးနဲ့ ဓားရွက်ကတော့တစ်ခြားစီတွေ့ရတယ်ဟု သူတွေ့မြင်ချက်များကို ပြောဆိုသည်။

ယင်းအပြင် အလောင်းဘေးနားရှိ ပလစ်စတစ်ဘူးများ၊ တစ်ခြားပစ္စည်းများမှာ နေရာတကျရှိနေကြောင်းလည်း မှတ်ချက်ပြုသည်။

■ မှုခင်းဖြစ်စဥ်နှင့်ပတ်သက်၍ တုံ့ပြန်မှုများ

မနွယ်သန္တာဝင်း သတ်ဖြတ်ခံရမှုသည် လမ်းပေါ်ဆန္ဒပြထွက်သူများကို ပစ်သတ်လေ့ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာနှင့် ယင်းတို့၏ ရုပ်မြင်သံကြားတွင်လည်း ဖော်ပြခံရခြင်းမရှိခဲ့သလို စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်နှင့် လက်တွဲနှုတ်ဆက်ကာ ငြိမ်းချမ်းရေဖော်ဆောင်နေသူဟုဆိုသည့် ရခိုင်အမျိုးသမီးအသင်း ဒေါ်စောမြရာဇာလင်းထံမှလည်း အမှုမှန်ပေါ်ပေါက်စေရန် လူသိရှင်ကြား လှုပ်ရှားဆောင်ရွက်နေမှုများကို မတွေ့မြင်ရချေ။

ဓါးထိုးသတ်ဖြတ်ခံရသူ မနွယ်သန္တာဝင်းအမှုတွင် တရားခံမှန်ကိုဖမ်းဆီးရရှိစေရန် ဆောင်ရွက်နေသည့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက အမှုမှန်ပေါ်ပေါက်စေနိုင်ရေးဖိအားပေးဆောင်ရွက်မည်ဟု လူသတ်မှုဖြစ်ပြီးနောက်တစ်ရက်အကြာတွင် ပြောဆိုခဲ့သည်။ သို့ရာသော် ထိုမျှော်လင့်ချက်သည် မြို့ပေါ်ရှိ တာဝန်ခံရဲအရာရှိများကြောင့် ပြည့်ဝလာခြင်းမရှိခဲ့ပေ။

အမှုမှန်ပေါ်ပေါက်ရေးတွင် တစ်စုံတစ်ရာကူညီပေးနိုင်ရေးအတွက် ရဲ၏မှုခင်းစစ်ဆေးချက်များကို တစ်စွမ်းတစ်စသိရှိနိုင်ရန် ရဲစခန်းသို့သွားရောက်ကြရာတွင်လည်း အချိန်ကြာမြင့်စွာစောင့်ဆိုင်းရပြီး၊ တာဝန်ရှိ စခန်းမှုအရာရှိနှင့်တွေ့ဆုံရာတွင်လည်း အကြောင်းမျိုးစုံပြကာရှောင်လွှဲနေကြကြောင်း အမှတ်(၁) စခန်းမှုးနှင့် သြဂုတ် ၁၉ ရက်နေ့က တွေ့ဆုံရာတွင်ပါဝင်ခဲ့သည့် အမည်မဖော်လိုသူ အမျိုးသမီးကဆိုသည်။

“ကျွန်မတို့ကိုရှောင်နေတာ၊ တစ်နေကုန်စောင့်ကြမှ ၅ မိနစ်လောက်ပဲ ပြောခွင့်ရတာ၊ မသင်္ကာတဲ့သူ ၉ ယောက်လောက်ဖမ်းဆီး စစ်ဆေးနေတယ်ပြောတယ်။ ဒါပေမဲ့ ဘာမှတိတိကျကျ အမည်တွေဘာတွေ မသိခဲ့ရပါဘူး”ဟုဆိုသည်။

ယင်းအပြင် ပြည်နယ်တွင်း စစ်ကောင်စီတာဝန်ရှိ ဝန်ကြီးများထံမှလည်း ယခုဓားထိုးခံရမှုဖြစ်စဥ်နှင့်ပတ်သက်၍ တရားမျှတမှုရရေး၊ တရားခံအမှန်ပေါ်ပေါက်ရေးတို့အတွက် တစ်စုံတစ်ရာမျှ တိုက်တွန်းလှုံ့ဆောင်ပေးမှုတို့မရှိခဲ့ပေ။ ပြည်သူထဲမှ အဖွဲ့အစည်းအချို့သာ မနွယ်သန္တာဝင်းအမှုမှန်ပေါ်ပေါက်လာရေး ကမ်ပိန်းပြုလုပ်မှုများ ထုတ်ပြန်ချက်များဖြင့် အသီးသီးပါဝင်လှုပ်ရှားလျက်ရှိကြသည်။

■ ပြည်သူ့အကျိုးစီးပွားမကာကွယ်ပေးနိုင်သည့် မြို့ပေါ်မှစောင့်ကြည့်ကင်မရာများ

စစ်တွေမြို့အပါအဝင်ရခိုင်ပြည်နယ်ရှိတခြားမြို့များတွင်ပါ မြန်မာကျပ်ငွေသန်းပေါင်း ၁၂၀၀ အသုံးပြုကာ တပ်ဆင်ထားသည့် တရုတ်နိုင်ငံ ဟွာဝေးနည်းပညာကုမ္ပဏီမှ CCTV စောင့်ကြည့်ကင်မရာများရှိနေသည်။

ကင်မရာများတပ်ဆင်မှုသည် ၂၀၁၈ ခုနှစ်တွင် တပ်ဆင်ခဲ့ပြီး ရည်ရွယ်ချက်မှာ ရပ်ရွာလုံခြုံရေးကာကွယ်ရေးအတွက်ဟု NLD အစိုးရလက်ထက် ဝန်ကြီးများကဆိုခဲ့သည်။ ထိုအချိန်တွင် ရက္ခိုင့်တပ်တော်နှင့်မြန်မာစစ်တပ်တို့ကြား စစ်ရေးမြင့်မားနေသည်အချိန်လည်းဖြစ်နေခဲ့သည်။

Western News ၏စုံစမ်းကြည့်ချက်အရ ကင်မရာများမှာ မျက်နှာအား မှတ်သားနိုင်သည့် နည်းပညာမြင့် စနစ်ပါရှိသည့်ကင်မရာဖြစ်ပြီး၊ ကင်မရာများကို စစ်တွေ ရဲတပ်ရင်း၏ ဒုရဲအုပ်အဆင့်ရှိ ဝန်ထမ်းများက စောင့်ကြည့်အစီရင်ခံကြသည်ဟုသိရှိရသည်။

ကင်မရာများကိုတပ်ဆင်ရာတွင်လည်း စစ်ကောင်စီအား အဆင့်မြင့်နည်းပညာများ ကူညီပေးနေသည့် စစ်တပ်မှအငြိမ်းစားအရာရှိများပါဝင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည့် နောင်ရိုးကုမ္ပဏီကတပ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ နည်းပညာအဆင့်မြင့်ကင်မရာများသည် မသန္တာဝင်း၏ သေဆုံးမှုတွင် တစ်စုံတစ်ရာ အထောက်ကူဖြစ်စေမည့် သက်သေအထောက်ထားရရှိမည်ဟုလည်း အမှုန်မှန်ပေါ်ပေါက်ရေးလှုပ်ရှားနေသည့် အမျိုးသမီးအခွင့်ရေးကာကွယ်လုပ်ရှားသူ က မျှော်လင့်ခဲ့သည်။ သို့ရာတွင် အမှတ် (၁) ရဲစခန်းမှူးထံမှာ စောင့်ကြည့်ကင်မရာနှင့်ပတ်သက်ပြီးမှတ်ချက်က သူအား မျှော်လင့်ချက်မဲ့စေခဲ့သည်။

အခင်းဖြစ်ပွားရာနေရာများမှ ရုပ်သံ CCTV မှတ်တမ်းများကို ကြည့်ရှုဖို့ခွင့်တောင်းရာတွင် သစ်ပင်များကွယ်နေပြီး ရုပ်များမှာ ပီပြင်ရှင်းလင်းမှုမရှိသေးကြောင်းသာ စခန်းမှူးကပြောဆိုကြောင်း သြဂုတ် ၁၉ ရက်နေ့ကတွေ့ဆုံခဲ့မှုကိုပြန်လည်ရှင်းပြသည်။

“(CCTV) တွေကို စစ်ပြီလားလို့ မေးတဲ့အချိန်မှာ စစ်ဆေးပြီးပြီပြောတယ်။ အစိုးရုံးက CCTV ရော၊ အနီးနားက CCTV ရော ဘာမှမမြင်ရဘူးလို့ပြောတာ ကင်ရာမတွေက မပီပြင်ဘူး၊ သစ်ပင်တွေနဲ့ကွယ်နေတယ်ပေါ့ “ဟုဆိုသည်။

၂၀၂၂ နှစ်ဆန်းမှသြဂုတ်လအထိ စစ်တွေမြို့တွင် ဓါးထိုးခံရပြီးသေဆုံးသူ ၁၉ ဦးနှင့်ဒဏ်ရာရသူ ၈ ဦးထိ မြင့်မားလာသော်လည်း စောင့်ကြည့်ကင်မရာများမှာ ပြည်သူများ၏ လုံခြုံမှုကိုအကာကွယ်မပေးနိုင်သေးချေ။

ယင်းစောင့်ကြည့်ကင်မရာများမှာ စစ်ကောင်စီ၏ အကျိုးစီးပွားကိုသာ ကာကွယ်ပေးနေပြီး ပြည်သူများ ထိခိုက်နှစ်နာမှုများပေါ်တွင် တရားဥပဒေစိုးမိုးမှုကို အထောက်ကူဖြစ်စေရန် မရရှိသေးပေ။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Human Rights Watch အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က Reuters သတင်းဌာနသို့ ယင်းစောင့်ကြည့် ကင်မရာများနှင့်ပတ်သက်ပြီးဇူလိုင်လအစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

“လုံခြုံရေးကင်မရာတွေဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် အန္တရာယ်ရှိပါတယ်။ သူတို့လှုပ်ရှားမှုတွေကို ခြေရာခံတာ၊ တက်ကြွလှုပ်ရှားသူတွေကြား ဆက်သွယ်မှုတွေကို ဖော်ထုတ်တာ၊ ပုန်းတဲ့ နေရာတွေနဲ့ တွေ့ဆုံတဲ့နေရာတွေကို ဖော်ထုတ်တာ၊ လှုပ်ရှားသူတွေသုံးတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို မှတ်ထားပြီး ဖမ်းဆီးတာမျိုးတွေအတွက် စစ်တပ်နဲ့ရဲက အသုံးချနိုင်ပါတယ်” ဟူ၍ဖြစ်သည်။

■ အခင်းနေရာအနီးမှ ပတ်ဝန်းကျင်ပြောဆိုချက်များ

နွယ်သန္တာဝင်းသေဆုံးသည့်နေ့တွင် ‘Luminous’ဆိုင်ရှေ့၌ ကားတစ်စီးမှာ နေ့လည် ၁၂ နာရီဝန်းကျင်ကစ၍ ရပ်ထားခြင်းဖြစ်ပြီး ၃ နာရီခန့်တွင် ထိုနေရာမှ မောင်းထွက်သွားမှုရှိကြောင်း ပြောကြသည်။ ပြီးနောက် ဆိုင်အတွင်းမှလည်း မည့်သည့်အသံမျှကြားမိခြင်းမရှိဘဲ မိသားစုများလာရောက်ကြည့်ရှုပြီးမှသာ သေဆုံးနေသည်ကို သိရှိခြင်းဖြစ်သည်ဟုလည်း ပြောဆိုကြသည်။ မူခင်းဖြစ်ခဲ့သည့် ဆိုင်ခန်းကိုလည်း နွယ်သန္တာဝင်းအား သင်္ဂြိုဟ်သည့်နေ့တွင်ပင် ရဲ၏ခွင့်ပြုချက်ဖြင့် ရေဆေးကာသန့်ရှင်းရေးလုပ်လိုက်ပြီဖြစ်သည် ဟုပြောကြသည်။ ထို့ပြင် ရဲဖက်မှ ၎င်းတို့အားလာရောက်မေးမြန်းမှုတို့တွင် မနွယ်သန္တာဝင်း၌ ရည်းစားရှိမရှိ အမျိုးသားများအဝင်အထွက်ရှိမရှိကို အဓိကထားမေးမြန်းခဲ့ကြောင်းလည်း ဆိုကြသည်။

■ဆေးစစ်ချက်နှင့် ရဲမှတ်တမ်းအချို့

မှုခင်းခွဲစိတ်ဆရာဝန်၏ ထွက်ဆိုချက်ကို တဆင့်သိရှိခဲ့ရသည့် အမျိုးသမီးအရေးလုပ်ရှားသူက သူသိရှိခဲ့ရသည်ကို Western News သို့ပြန်လည်ရှင်းပြခဲ့သည်။

“ကလေးမလည်ပင်းနဲ့ ခြေထောက်မှာ ကြိုးဒဏ်ရာတွေရှိတယ်။ ပြီးတော့ ဗိုက် ဓါးဒဏ်ရာနှစ်ချက်က အူကိုထိုးဖောက်သွားပြီး သွေးခဲသေသွားတာလို့ပြောတယ်။ ကောင်မလေးမှာ မုဒိမ်းပြုကျင့် (Rape) လုပ်ခံရတဲ့လက္ခဏာမတွေ့ဘူးလို့ဆိုတယ်”

Western News သတင်းဌာနအနေဖြင့် အလောင်းအား ဆေးစစ်ချက်အဖြေအသေးစိတ်အချက်လက်များကို လက်ရှိအချိန်ထိသိရှိရခြင်းမရှိ သေးပေ။ သို့သော် မနွယ်သန္တာဝင်းမှာ လည်ပင်းနှင့် ခြေထောက်တို့တွင်ဒဏ်ရာများရှိခြင်း၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၂ ချက်မှာ အူသို့ထွင်းဖောက်သွားပြီး သွေးခဲကာသေဆုံးသွားရခြင်းဖြစ်သည်။ အင်္ဂါစပ်တွင်မူ ထိုးသွင်းဒဏ်ရာမရှိဘဲ သုပ်ပိုးတွေ့မတွေ့ကို စစ်ဆေးနေဆဲဖြစ်ကာ Rape ဟုတ်မဟုတ်ကိုမူ ဆက်လက်အဖြရှာနေဆဲဖြစ်သည်ဟု ဆေးရုံနှင့်နီးစပ်သည့် သတင်းရပ်ကွက်က ထပ်မံစုံစမ်းသိရှိရသည်။

ရဲဖက်မှ စစ်ဆေးချက်အနေဖြင့်မူ စစ်တွေရှိတာဝန်ကျရဲအရာရှိများက ယခုမှုခင်းနှင့်ပတ်သက်၍ ဆက်စပ် သူများအား ခေါ်ယူစစ်ဆေးလျက်ရှိပြီး ‘Luminous’ ဆိုင်ပိုင်ရှင်ဇနီးမောင်းနှံကိုလည်း ခေါ်ယူစစ်ဆေးလျှက် ရှိကြောင်းနှင့် ယခုဖြစ်စဥ်မှာ Rape မဟုတ်ကြောင်းကို အမျိုးသမီးငယ်အလောင်းတွင် ဝတ်ဆင်လျက်ပါရှိသည့် အတွင်းခံဘောင်းဘီကို သက်သေထားကာ ပြောဆိုထားချက်များရှိသည်လောက်ကိုသာ သိရှိထားသည်။

အလောင်းတွင် တရားခံလက်ဗွေရာနှင့်တွေ့ရှိခြင်းရှိမရှိနှင့်ပတ်သက်၍ မိသားစုဖက်မှမေးမြန်းခဲ့ရာတွင်လည်း လက်ဗွေရာစစ်ဆေး၍မရကြောင်း၊ ဓားမှာလည်း အလောင်းအောက်တွင် ရောက်နေ၍ လက်ဗွေရာစစ်ဆေး၍မရနိုင်ဘဲ CCTV မှတ်တမ်းထဲတွင်လည်း အခင်းနေရာအား မြင်တွေ့ရခြင်းမရှိဟု ပြောဆိုကြောင်း မိသားစုဝင်များကပြောသည်။

■ LUMINOUSဆိုင်ပိုင်ရှင်နှင့် မန်နေဂျာ

မနွယ်သန္တာဝင်း အလုပ်လုပ်ကိုင်နေသည့် အဆိုပါ ‘luminous’ ဆိုင်ပိုင်ရှင်အမည်မှာ ဦးကျော်ကျော်ဆန်းဖြစ်ပြီး ၎င်းတွင်တစ်ခြားဆိုင်ခွဲများလည်းရှိသေးကာ NGO အဖွဲ့အစည်းများမှ ပလစ်စတစ်ဘူးများနှင့်ပတ်သက်၍ ကန်ထရိုက်ယူကာ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးလည်းဖြစ်သည်။ ဆိုင်၏အနောက်ဖက်တွင် ၎င်းနေထိုင်သည့် အိမ်ရှိနေသည်။ မူခင်းဖြစ်သည့်နေ့တွင် ဆိုင်ပိုင်ရှင်ဇနီးမောင်နှံမှာ နေအိမ်တွင်ရှိမနေဘဲ အပြင်ဖက်သို့အလုပ်ကိစ္စဖြင့်သွားရောက်လျက်ရှိသည်ဟု ဆိုကြသည်။ အဆိုပါဆိုင်ပိုင်ရှင်လုပ်ငန်းတွင် တာဝန်ရှိမန်နေဂျာမှာ တစ်ဦးလည်းရှိနေသည်။

မနွယ်သန္တာဝင်းကို အလုပ်ခန့်သူမှာ မန်နေဂျာဖြစ်ပြီး တစ်လတွင် (၁၅) ရက်တစ်ကြိမ်စာရင်းလာစစ်ယူခြင်းများရှိကာ မနွယ်သန္တာဝင်းအတွက်လစာငွေကိုလည်း မန်နေဂျာမှပင် ထုတ်ပေးလေ့ရှိခြင်းဖြစ်သည်။ မနွယ်သန္တာဝင်း သေဆုံးသည့်နေ့မှာလည်း သြဂုတ်လ ၁၅ ရက်နေ့ဖြစ်နေရာ ထိုနေ့တွင် မနွယ်သန္တာဝင်းဆီသို့ မန်နေဂျာ စာရင်းပိတ်လာယူခြင်းရှိမရှိကိုမူ သေချာသိရှိရခြင်းမရှိခဲ့ပေ။

■ မနွယ်သန္တာဝင်းအလောင်းအား စတင်တွေ့ရှိသူ၏ နောက်ဆုံးထွက်ဆိုချက်

မနွယ်သန္တာဝင်းအလောင်းအားစတင်တွေ့ရှိသူမှာ နွယ်သန္တာဝင်း မိခင်ဖြစ်သူ၏ ညီမ စန္ဒာဝင်းပင်ဖြစ်သည်။ သူသည် တူမငယ် အလောင်းအားတွေ့ခဲ့ပုံကို မှန်ကန်စွာဖြေဆိုမှုမရှိခဲ့ကြောင်းသိရသည်။

နွယ်သန္တာဝင်းအား ဖုန်းခေါ်ဆိုမရ၍ ဆိုင်သို့စိတ်ပူကာသွားကြည့်ခဲ့ခြင်းမဟုတ်ဘဲ မန်နေဂျာ၏ ခေါ်ဆိုမှုကြောင့် အဆိုပါဆိုင်သို့သွားခဲ့ရခြင်းဖြစ်သည်ဟု လက်ရှိတွင်ပြောဆိုလာခြင်းဖြစ်သည်။ အစပိုင်းတွင်တောက်လျောက်မမှန်မကန်ပြောဆိုလာခဲ့မှုမှာလည်း ဆိုင်ပိုင်ရှင် ကျော်ကျော်ဆန်း၏ အိမ်ရှင်မဖြစ်သူက သူ့အားအဖြစ်မှန်ကိုမပြောရန်နှင့် ထိုသို့မပြောပါက အမှုမှန်ကို ၃ ရက်အတွင်းဖော်ထုတ်ေပးရန်တာဝန်ယူကြောင်း ပြောဆိုခဲ့၍ ဖြစ်သည်ဟု မစန္ဒာဝင်းကပြောဆိုသည်။

■ အလောင်းတွေ့ရှိခဲ့သည်ဖြစ်စဥ်အမှန်

စန္ဒာဝင်းကို မန်နေဂျာဖြစ်သူက ဖုန်းဆက်ပြီး နွယ်သန္တာဝင်းဆိုင်တွင်မရှိ၍ လာကြည့်ရန်ပြောဆိုရာမှ သွားခဲ့ခြင်းဖြစ်သည်။ ဆိုင်သို့ရောက်စဥ် မန်နေဂျာဖြစ်သူမှ ဆိုင်ရှေ့တွင်ထိုင်နေပြီး ဖုန်းကြည့်လျက်ရှိကြောင်း၊ ဆိုင်တံခါးမှာလည်း တစ်ချပ်ပိတ်ထားပြီး တစ်ချပ်ဖွင့်ထားလျက်အနေအထားရှိနေကြောင်း စန္ဒာဝင်း၏ လက်ရှိထွက်ဆိုချက်အရသိရသည်။ ထို့နောက်တူမဖြစ်သူ၏ ထမင်းချိုင့်နှင့် ထီးကိုဆိုင်တွင်တွေ့ရ၍ ဆိုင်ထဲတွင်ရှိနိုင်ကြောင်း မန်နေဂျာအားပြောရာ မန်နေဂျာကသူအထဲသို့ဝင်မကြည့်ချင်ကြောင်းပြောပြီး စန္ဒာဝင်းအား ဝင်ကြည့်ရန်ပြောဆိုရာမှ ဝင်ကြည့်ရာ တူမဖြစ်သူ၏ အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုမူခင်းထဲနောက်ထပ်ပါဝင်ဆက်စပ်သူတစ်ဦးဖြစ်လာသည့် အဆိုပါဆိုင်မန်နေဂျာ၏ အမည်မှာ မျိုးမြင့်ဇော်ဖြစ်ပြီး သူ့ကိုလက်ရှိတွင် ရက္ခိုင့်တပ်တော်ဖက်မှ ခေါ်ယူစစ်ဆေး လျက်ရှိနေပြီး ထိုမှုခင်းဖြစ်စဥ်၏ တရားခံမှာ ဆိုင်မန်နေဂျာ မျိုးမြင့်ဇော်ဖြစ်သည်ဟု လူထုအတွင်းပြောဆိုချက်များပွနေပြီး ထိုအမှုကို AA ဖက်မှ အမှန်အတိုင်းထုတ်ဖော်လိုက်ခြင်းဖြစ်သည်ဟူသောသတင်းများပျံ့နှံ့လျက်ရှိသည်။ သို့သော် AA ဖက်မှ ဆိုင်မန်နေဂျာအား စစ်ဆေးနေမှု အမှုအခြေအနေကို လက်ရှိအချိန်ထိအသေးစိတ်မသိရှိရသေးပေ။

ဆက်စပ်သတင်းများ