Western News
Home Blog Page 2

စစ်တွေမြို ရွှေပြည်သာနဲ့ ကျေးတောက ရွာသားများကို စစ်ကောင်စီ နှင်ထုတ်

0
video

■ ရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို အခုချိန်ထိ ပြန်မဆောက်နိုင်သေး

0
video

(ရခိုင်မှာ အဆောက်အဦး ၃,၀၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ခန့်မှန်းပြော)

လွိုင်ကော်မြို့မှာ ရေကြီးနေ အကူအညီများ လိုအပ်

0
ပုံစာ - ယနေ့ စက်တင်ဘာလ ၁၆ ရက်တွင် ရေကြီးနေသော လွိုင်ကော်မြို့မြင်ကွင်း။ (ဓါတ်ပုံ - CJ)

ကရင်နီပြည်နယ် (ကယား) လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များ ရေမြုပ်နေပြီး ပြည်သူများ အကူအညီလိုအပ်နေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ လွိုင်ကော်မြို့၊ ရပ်ကွက်များတွင် ရေများတက်လာပြီး နေအိမ်များ နစ်မြုပ်နေကြောင်း၊ ရှမ်းပိုင်း မြို့လယ်အထိ ရေများ ရောက်နေပြီး ခါးလယ်အထိ ရေများ တက်လာနေကြောင်း၊ အဓိက အားဖြင့် ဘီလူးချောင်းမှ ရေများ မြင့်တက်လာခြင်းကြောင့် ရပ်ကွက်များတွင် ရေကြီးနေခြင်းဖြစ်ကြောင်း သိရသည်။

“လွိုင်ကော်မြို့၊ နမ့်ကွတ်၊မင်းစု၊ဒေါနိုးကူး၊ရှမ်းပိုင်း၊ရွှေတောင်မှာ အိမ်တော်တော်များများရေမြုပ်ပါတယ်။ နမ်ကွတ်က ရေတက်တာအဆိုးဆုံးပါပဲ။ ဒီနေ့မနက်ထိကိုရေကတက်နေတုန်းပါ။ ရှမ်းပိုင်းမြို့လယ်မှာ ရေက ခါးလယ်လောက်အထိ ရောက်နေပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ရေဘေးသင့် ပြည်သူများအတွက် အကူအညီများနှင့် ရွှေ့ပြောင်းရေး အတွက် ကယ်ဆယ်ရေးများ လိုအပ်နေကြောင်း၊ ရေဘေးသင့် အိမ်ထောင်စုနှင့် ပြည်သူအရေအတွက် မသိရသေးကြောင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာ သည် Western News ၏ မိတ်ဖက်ဖြစ်သည်)

စစ်ရေးဖော်ဆောင်လာ၍ PNLO အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နုတ်ထွက်

0
PNLO အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ
Khun Okkar (C) Chairman of Pa-Oh National Liberation Organization arrives for the third session of the 'Union Peace Conference - 21st century Panglong' in Naypyitaw, Myanmar, 16 July 2018. The 21st Century Panglong Peace Conference will be held on 11 July 2018 to 16 July 2018 with the aims at ending violence between Myanmar's Army and armed ethnic groups. EPA-EFE/HEIN HTET

NCA ကို ချိုးဖောက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည်ဟုဆိုကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ခွဲထွက်) PNLO (AD) မှ အပြီးအပိုင်နုတ်ထွက်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

PNLO ခွဲထွက်အဖွဲ့ကို လက်ရှိ ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်နေပြီး မလွှဲမရှောင်သာ တာဝန်ရှိလာသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

” NCA ကို ထိန်းသိမ်းလိုက်နာပြီး ပြည်သူလူထုအကျိုးကို ကြိုးပမ်းဆောင်ရွက်နေချိန်မှာပင် လက် ရှိဥက္ကဌဖြစ်သူသည် စုပေါင်းဦးဆောင်မူ- အရမဟုတ်ဘဲ တဦးတယောက်သောသဘောထားဆန္ဒဖြင့် “မူဝါဒ” အလွှဲသုံးစားပြုလုပ်သည့်အတွက် NCA မှ သွေဖီ၊ ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း၊ PNO/PNA နှင့် SAC ကို ရန်သူသတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်လာခြင်း” တို့ကြောင့် နုတ်ထွက်ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

၂၀၀၉ ခုနှစ်၊ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပသော အမျိုးသားညီလာခံ တရပ်မှနေ၍ PNO- မှ ခွဲထွက်ကျန်ရစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင် (PPLO) နှင့် ရလလဖ (SNPLO) မှ ခွဲထွက်လာသူ ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်အင်အားစုများသည် အခြား ပအိုဝ်းအင်အားစုငယ်များ ဝန်းရံလျှက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကို ဖွဲ့စည်းထူထောင်ခဲ့ကြသည်။

ယင်းကဲ့သို့ ပြန်လည်ဖွဲ့စည်းပြီးနောက် PNLO သည် ပအိုဝ်းအမျိုးသားတော်လှန်ရေးနှင့် ပအိုဝ်အမျိုးသားနိုင်ငံရေး လုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နိုင်ရုံမျှမက၊ မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတော်အဆင့် နိုင်ငံရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့သည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်များ ချုပ်ဆိုခဲ့ပြီး ၂၀၁၅- မတ်လ (၁၅) ရက်နေ့တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ထို့ကြောင့် PNLO အဖွဲ့သည် တရားဝင် အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့သော်လည်း လက်ရှိတွင် ဥက္ကဌဖြစ်သူ ခွန်သူရိန်သည် NCA ကို ချိုးဖောက်ပြီး စစ်ကောင်စီကို စစ်ရေးဖော်ဆောင်လာသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

ထို့ကြောင့် မူလ PNLO/PNLA ၏ ဦးဆောင်နာယက တစ်ဦးနေနှင့် မလွှဲမရှောင်သာ တာဝန်ရှိလာသည့်အပေါ်တွင် လက်ရှိ ခွန်သူရိန် ဦးဆောင် (PNLO-ခွဲထွက်) အဖွဲ့မှ အပြီးအပိုင်နှုတ်ထွက်လိုက်ပါကြောင်း ဆုံးဖြတ်လိုက်ရပြီး နောက်နောင် PNLO (ခွဲထွက်) ၏ လုပ်ဆောင်မှုအဝဝသည် လုံးဝသက်ဆိုင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

PNLO (ခွဲထွက်) ထံမှ နှုတ်ထွက်ပြီးနောက် ၎င်းအနေဖြင့် အမျိုးသားနိုင်ငံရေးလုပ်ငန်းများကို လက်မလျှော့ဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းပြည်သူများထံ ကတိကဝတ်ပြုထားသည်ကို တွေ့ရသည်။

PNLO/PNLA သည် ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းအမျိုးသားဒေသသို့ ၂၀၁၂ ခုနှစ်မှစ၍ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပအိုဝ်းအမျိုးသားနိုင်ငံရေးလုပ်ငန်းများကို PNO/PNA နှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ ၂ဝ၂၃ – ခုနှစ်ကုန်အထိဖြစ်သည်။

PNLO ဥက္ကဌများအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခွန်မြင့်ထွန်းနှင့် ဗိုလ်မှူးကြီး ခွန်သူရိန်တို့က ၂၀၀၉-ခု မှ ၂၀၂၃ အထိ အလှည့်ကျတာဝန်ယူခဲ့ကြကြောင်း သိရသည်။

စစ်တွေ ရွှေပြည်သာနှင့် ကျေးတောက ရွာသားများကို စစ်ကောင်စီ နှင်ထုတ်နေ

0
ပုံစာ - စစ်တွေမြို့ထဲနှင့် ကျေးတော၊ ရွှေပြည်သာ၊ ဗျိုင်းဖြူကျေးရွာသို့ ဆက်သွယ်ထားသော ဆတ်ရိုးကျချောင်းကူးတံတား။ (ဓါတ်ပုံ - CJ)

ရခိုင်ပြည် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက် (ရွာမနှင့် ပိုက်ဆိပ်) က ဒေသခံပြည်သူများအားလုံးကို နှစ်ရက်အတွင်း ရွှေ့ပြောင်းကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှင်ထုတ်နေသည်။

ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများအားလုံး စက်တင်ဘာလ ၁၄ ရက်နေ့ကစ၍ စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းနေထိုင်ကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် နှင်ထုတ်နေကြောင်း နှင်ထုတ်ခံရသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“၁၄ ရက်နေ့က ခေါ်ပြီး ပြောတယ်။ အိမ်တွေကိုလည်း လိုက်လံပြောတယ်။ ဒီမှာနေလို့မရဘူးတဲ့။ ၂ ရက်အချိန်ပေးမယ်လို့ ပြောတယ်။ ၂ ရက်အတွင်း အပြီးထွက်ကြရမယ်။ အိမ်တွေရော ဖြိုချပြီးယူချင်ရင် ယူသွားကြလို့လည်း ပြောတယ်။ အဲ့ဒါကြောင့်ပဲ ထွက်လာကြရတာ” ဟုပြောသည်။

ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများမှာ မတည်ငြိမ်သည့် စစ်တွေမြို့အခြေနေကြောင့် တစ်ခြားဒေသများသို့ အများအပြားတိမ်းရှောင်သွားကြပြီဖြစ်ကာ ကျန်ရှိနေသည့် ရပ်ကွက်တွင်းနေထိုင်သူများကိုပါ စစ်ကောင်စီတပ်မှ ထပ်မံနှင်လာခြင်းဖြစ်သည်။

ရွှေပြည်သာနှင့် ကပ်လျှက်ရှိသည့် ကျေးတောက ရွာသားများမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး စစ်ကောင်စီမှ အတင်းအဓမ္မ နှင်ထုတ်ခဲ့ကြောင်း ရွာသားများက ပြောသည်။

ကျေးတောရွာသားတစ်ဦးက ” ဘာအကြောင့်ပြချက်မှ မရှိဘဲ ကိုယ့်အိမ်မှာကိုယ့်နေလို့ တခြားနေရာကို ရွှေ့ခိုင်းတယ်။ မပြောင်းရွှေ့ရင် ဖမ်းမယ်ဆီးမယ်ဆိုပဲ။ ဒါက နှင်ထုတ်တာပဲ။ ရွှေပြည်သာလည်း အဲဒီလိုကြားရတော့ စိတ်မကောင်းဘူး။ စစ်တွေမြို့ထဲမှာ အိမ်ရှိတာလည်းမဟုတ်ဘူး။ ဘယ်မှာ သွားနေရမှာလဲ။ တော်တော် စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ ” ဟု ပြောသည်။

လက်ရှိတွင် ရွှေပြည်သာနှင့် ကျေးတောရွာသားများမှာ စစ်တွေမြို့တွင်းသို့ ဝင်ရောက်လာကြရပြီဖြစ်ကာ ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာဆွေမျိုးအိမ်များတွင် ခိုကပ်၍ နေထိုင်ကြရသည်ဟု ရွာသားများက ပြောဆိုကြသည်။

နောက်ထပ် ရွှေပြည်သာ ဒေသခံတစ်ဦးက “စစ်တွေမြို့တွင်းဘက်ကိုပဲ ဝင်လာရပါတယ်။ တချို့လည်းနီးစပ်ရာတွေမှာ နေကြတယ်။ တချို့လည်း ဘုန်းတော်ကြီးကျောင်းတွေမှာ နေကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာကလည်း စစ်ဘေးရှောင်တွေ တည်းခိုနေကြတာများတော့ တချို့ကျောင်းတွေမှာဆို လက်မခံကြတာတွေလည်းရှိတော့ နေထိုင်စားသောက်ရေးအခက်ခဲတွေ အများကြီးရှိကြပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ဒေသခံပြည်သူများကို ရွှေ့ပြောင်းချင်တိုင်းရွှေ့ပြောင်းနေပြီး နေရာ၊ ထိုင်ခင်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းမရှိကြောင်း စုံစမ်းသိရသည်။

ရွှေပြည်သာနှင့် ကျေးတောရပ်ကွက်တို့သည် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း ဆတ်ရိုးကျတံတား အနီးတွင်ရှိပြီး အပြစ်မဲ့အရပ်သား ၁၀၀ ခန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော ဗျိုင်းဖြူကျေးရွာနှင့်လည်း နီးသည့် ရပ်ကွက်များဖြစ်ကြသည်။

ရွှေပြည်သာနှင့် ကျေးတောရပ်ကွက်မှာ စစ်ကောင်စီက ယခင်ကတည်းက လုံခြုံရေးဂိတ်များ ချထားပြီး ပြီးခဲ့သည့်လကစ၍ ဂိတ်များ ထပ်တိုးထားကာ ကျေးရွာအတွင်း တပ်စွဲနေထိုင်နိုင်ရန် ရွာသားများကို နှင်ထုတ်ခြင်းဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။

စစ်ကောင်စီ နှင်ထုတ်သည့်ကျေးရွာ စစ်တွေမြို့နယ်တွင် ၁၅ ရွာထက်မနည်းရှိလာနေပြီး ပလ္လင်ပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ငယ်၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ကျားလည်ချောင်း၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ အမြင့်ကျွန်း၊ ဗျိုင်းဖြူ၊ ကျေးတော၊ ရွှေပြည်သာ စသည့်ကျေးရွာများတွင် တပ်စွဲထားကြောင်း သိရသည်။

နမခ တိုင်းစစ်ဌာနချုပ်ကို PDF များ တိုက်ခိုက်

0

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်သည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ဒေသခံကာကွယ်ရေးတပ်နှင့် PDF တပ်များက စက်တင်ဘာလ ၁၁ ရက်ညက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နမခ တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမ အပါအဝင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်ဟုလည်း ပါဝင်တိုက်ခိုက်ခဲ့သည့် Chindwin Rocket Brothers -C.R.B က ဆိုသည်။

ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်များဖြစ်သည့် Chindwin Rocket Brothers -C.R.B)၊ယင်းမာပင်ခရိုင်တပ်ရင်း (၁)၊ ချိုမိုင်မိုင်-ကနီ၊ Chindwin Brothers နှင့် မုံရွာမြို့နယ် တိုက်နယ်(၅) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်တိုင်းရုံးဝန်းအတွင်းက စစ်သည်ရိပ်သာဆောင်ကို နှစ်လုံးကျကွဲပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် အရာခံ/အကြပ်ကြီးရိပ်သာ (လူပျို)၊ ရိက္ခာဖြန့်ဝေဌာန၊ ရဟတ်ယာဥ်ကွင်းသစ်၊ မဆရ-၇ (စစ်​မြေပြင်ဆေးတပ်ရင်း)နှင့် ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း)၊ အဆရ-၁၂ (အဆင့်မြင့်ဆက်သွယ်ရေတပ်ရင်း ) စသည့်နေရာများသို့ ဒုံးကျည်များ ကျရောက်ခဲ့ကြောင်း Chindwin Rocket Brothers -C.R.B ထုတ်ပြန်ထားသည်။

လစရ-၆ (လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီ ယာတပ်ရင်း) ၁ လုံး၊ တခွဲ-၇၆၇ (တပ်ထိန်း) ၂ လုံး၊စရဖ(နခ) ၂ လုံး၊တိုင်းအားကစားကွင်း ၁ လုံးနှင့် နမခ တပ်နယ် အရှေ့ရေအိုးစဥ်ကာကင်းဂိတ်စခန်းကို၁ လုံးကျရောက်ပေါက်ကွဲခဲ့တယ် လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်ကုမ္ပဏီ AVIC က စစ်ကောင်စီကို စစ်လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းရန် JFM နှင့် Info Birmanie က တောင်းဆို

0

မြန်မာစစ်အုပ်စုက ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် Airbus ၏ မိတ်ဖက် တရုတ်ကုမ္ပဏီ AVIC ကကြံရာပါပတ်သက်နေပြီး စစ်လက်နက်ထောက်ပံ့နေမှု ရပ်ဆိုင်းရန် Justice for Myanmar (JFM) နှင့် Info Birmanie တို့က တောင်းဆိုလိုက်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Airbus ကုမ္ပဏီက အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ AVIC တို့ရဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေကို မမြင်ချင်ယောင်ဆောင်နေခဲ့တာ ကြာပါပြီ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂက သေချာစောင့်ကြည့် မှတ်တမ်းတင် တာတွေ၊ အစီရင်ခံစာထုတ်ပြန်တာတွေ ရှိနေတာဖြစ်တဲ့အတွက် Airbus အနေနဲ့ သူတို့ရဲ့အဓိက စီးပွားရေးမိတ်ဖက် AVIC က မြန်မာစစ်အုပ်စုကို လေယာဉ်တွေ၊ စစ်လက်နက်တွေ၊ နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေ ရောင်းပေးပြီး ထောက်ပံ့နေတယ်ဆိုတာ သိကိုသိရမှာ ဖြစ်ပါတယ်။ Airbus နဲ့ သူ့ရဲ့ ရှယ်ယာရှင်အစိုးရတွေအနေနဲ့ AVIC ကနေ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်စီးဆင်းနေတာ မဖြစ်မနေ ရပ်တန့်ရမှာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင်တော့ Airbus ကို AVIC နဲ့ စီးပွားရေးအား ရပ်တန့်စေရမှာ ဖြစ်ပါတယ်။ စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်က ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်အုပ်စုတည်မြဲအောင် လုပ်နေမှတော့.သူတို့က မြန်မာစစ်အုပ်စုကို အပြစ်တင်ရှုတ်ချတာတွေကို ဘယ်လိုလုပ် အတည်ယူလို့ရမှာလဲ” ဟု ပြောကြာသည်။

Justice For Myanmar နှင့် Info Birmanie တို့၏ စုံစမ်းလေ့လာမှုတစ်ခုတွင် Aviation Industry Corporation of China’s (AVIC) က မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တောက်လျောက်ထောက်ပံ့နေသည့် အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့သည်။

မြန်မာ စစ်အုပ်စုက မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အရေးယူခံရခြင်းလွတ်ကင်းစွာဖြင့် ကျူးလွန်ရာတွင် AVIC က ရောင်းချထောက်ပံ့ထားသည့် လေယာဉ်များကို အသုံးပြုလျက်ရှိကြောင်း Justice for Myanmar (JFM) နှင့် Info Birmanie တို့က ထောက်ပြထားသည်။

Info Birmanie ၏ ညှိနှိုင်းရေးမှုဖြစ်သူ ဂျိုဟန်နာချာဒွန်နီးယက်က “စီးပွားရေးလုပ်ငန်းတွေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် ပြင်သစ်နိုင်ငံ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအဆင့်တွေမှာ နည်းလမ်းပေါင်းများစွာ ထားရှိကျင့်သုံးပြီး ဖြစ်ပါတယ်။ အခုစုံစမ်းလေ့လာမှုက မြန်မာ့ပဋိပက္ခအရေးမှာ Airbus က အဲဒီနည်းလမ်းတွေကို လိုက်နာနိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်သံသယတွေကို ဖြစ်စေခဲ့ပါတယ်။ Airbus ကုမ္ပဏီက ကာကွယ်ရေးကဏ္ဍမှာ လုပ်ကိုင်တဲ့အတွက်ကြောင့်ရော၊ သူ့ရဲ့ အမြဲတမ်း ရှယ်ယာရှင်တွေက အစိုးရတွေဖြစ်တဲ့ အတွက်ကြောင့်ရော သာ မန်ကုမ္ပဏီတစ်ခု မဟုတ်ဘူးလို့ ပြောရပါမယ်။ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေအနေနဲ့ Airbus ကုမ္ပဏီရဲ့ မိတ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေဟာ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင် အရေးယူဆောင်ရွက်ဖို့ တာဝန်နဲ့ ဝတ္တရားရှိနေပါတယ်။ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေဟာ ဥရောပသမဂ္ဂနဲ့အတူတူ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးတွေကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဒီနေ့အချိန်ခါမှာတော့ အဲဒီ့အစိုးရတွေ အနေနဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေ၊ တန်ဖိုးတွေနှင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေအတိုင်း အရေးယူဆောင် ရွက်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို ပြသဖို့ အခွင့်အရေး ရှိနေပါတယ်” ဟု မှတ်ချက်ပြုသည်။

“AIRBUSTED – Airbus ၏ မိတ်ဖက်ကုမ္ပဏီ AVIC က မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ထောက်ပံ့နေမှုနှင့် Airbus လုပ်ဆောင်သင့်သည့်အရာများ” အစီရင်ခံစာတွင် မြန်မာစစ်အုပ်စု အသုံးပြုနေသည့် ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များနှင့် စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်များအား AVIC က ရောင်းချထောက်ပံ့ခဲ့သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည်။

အစီရင်ခံစာတွင် လတ်တလောဝယ်ယူထားသည့် FTC 2000G အမျိုးအစား တိုက်ခိုက်ရေး လေယာဉ်နှင့် ဒုံးကျည်အမျိုးမျိုး၏ အသေးစိတ်အကြောင်း အချက်အလက်အသစ်များလည်း ပါဝင်ကြောင်း၊ AVIC သည် စစ်အုပ်စုအသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် ပုံသေတောင်ပံ (fixed-wing) လေယာဉ်များအတွက် ထိန်းသိမ်းပြုပြင်မွမ်းမံရေး ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်ခြင်းဖြင့်လည်း မြန်မာ့လေတပ်ကို ကူညီပံ့ပိုးနေကြောင်း သိရသည်။

ပြင်သစ်လေကြောင်း အာကာသကုမ္ပဏီကြီး Airbus က AVIC ၏ ဟောင်ကောင်မှတ်ပုံတင် ကုမ္ပဏီ Avi China တွင် အဓိက ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရှိ AVIC ၏ မဟာဗျူဟာမိတ်ဖက်လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စစ်အုပ်စုကို လက်နက်ရောင်းချတပ်ဆင်ပေးသည့် AVIC ၏ အခန်းကဏ္ဍမှာ ရှင်းလင်းနေသော်လည်း Airbus ကုမ္ပဏီသည် AVIC နှင့် မိတ်ဖက်ဆောင်ရွက်မှုကို ဆက်လက်ထားရှိရုံသာမက၊ AVIC ထိန်းချုပ်ထားသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ထားသည်။

AviChina ၏ မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်နှင့် လက်နက်များ လွှဲပြောင်းပေးအပ် ဆက်နွှယ်မှုကြောင့် အခြားရင်းနှီး မြှုပ်နှံသူများ နုတ်ထွက်ဆုတ်ခွာနေစဉ်တွင် ထိုသို့ ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုစုံစမ်းလေ့လာမှုတွင် Airbus ၏ အဓိက ရှယ်ယာရှင်များဖြစ်ကြသည့် စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရတို့၏ အများပြည်သူသို့ ထုတ်ပြန်ချက်များနှင့် လက်တွေ့ဆောင်ရွက်ချက်များကြား အထင်းသားဝိရောဓိဖြစ်နေမှုကိုလည်း မီးမောင်းထိုးဖော်ပြထားသည်။

အဆိုပါ အစိုးရများသည် မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုများကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး၊ စစ်အုပ်စုထံ လက်နက်စီးဆင်းမှုကို ရပ်တန့်ရေးဆောင်ရွက်ရန် ကတိကဝတ်များပြုခဲ့ကြသော်လည်း လက်တွေ့တွင် Airbus နှင့် AVIC တို့၏ ပိတ်ကားနောက်ကွယ်မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများကို မျက်နှာလွှဲနှုတ်ဆိတ်နေကြကြောင်း ထောက်ပြထားသည်။

မြန်မာစစ်အုပ်စုနှင့် ပူပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်တန့်ရေးအတွက် AVIC အား ဖိအားပေးရန်အတွက် ၎င်း၏ ဩဇာလွှမ်မိုးနိုင်မှုကို ချက်ချင်းအသုံးပြုရန် Airbus ကုမ္ပဏီကို Justice For Myanmar နှင့် Info Birmanie တို့က တောင်းဆိုလိုက်ကြောင်း၊ AVIC က လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက Airbus အနေဖြင့် AVIC ထိန်းချုပ်ထားသည့် ကုမ္ပဏီအားလုံးမှ ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူမှုရှိစွာဖြင့် ရုတ်သိမ်းရမည် ဖြစ်ကြောင်း သိရှိရသည်။

စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရများအနေဖြင့် Airbus ကုမ္ပဏီအား မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများတွင် ပတ်သက်ဆက်နွှယ်မှုများကို ဖြတ်တောက်ရေး ဆောင်ရွက်စေခြင်းဖြင့် မိမိတို့လုပ်ရပ်များကို အများပြည်သူသို့ ထုတ်ပြန်ထားသည့် ကတိကဝတ်များနှင့်အညီ ဖြစ်စေရမည်ဟု ဆိုသည်။

မြန်မာပြည်သူများသည် လုပ်ရပ်မပါသော စကားလုံးများသက်သက်ထက် ပို၍ ထိုက်တန်ကြောင်း၊ ယခုအချိန်သည် တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်နှင့် အထောက်အပံ့များ စီးဆင်းမှုအား ရပ်တန့်ရေးအတွက် ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရမည့်အချိန် ဖြစ်ကြောင်း JFM က ဆိုသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာ သည် Western News ၏ မိတ်ဖက်ဖြစ်သည်)

ရခိုင်မှာ ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်နေဆဲဖြစ်၍ မုန်တိုင်းသတင်း မသိရသလို လူမှုစီးပွားလည်ပတ်ခြင်းမှာ ထိခိုက်နေကြ

0

ရခိုင်ပြည်ထဲက မြို့နယ်အချို့နှင့် ကျေးလက်ဒေသအများအပြားတွင် ဖုန်းလိုင်းများ ပြတ်တောက်မှုရှိနေဆဲဖြစ်သည်။

လတ်တလော ဖုန်းလိုင်းများပြတ်တောက်မှုရှိနေဆဲဖြစ်သည့် ဒေသများမှာ မြောက်ဦးက ရပ်ကွက်အချို့နှင့် ကျေးရွာများ၊ မင်းပြားမြို့၊ ကျောက်တော်မြို့နယ်မှ ပီချောင်းနှင့် တစ်ခြားကျေးလက်ဒေသတချို့၊ ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးနီးပါး၊ စစ်တွေမြို့နယ်မှ ကျေးရွာအချို့၊ ရသေ့တောင်မြို့နယ်တစ်ခုလုံး၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်၊ သံတွဲမြို့နယ်နှင့် အမ်းမြို့နယ်မှ ကျေးလက်ဒေသအချို့ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်လည်း အပါအဝင်ဖြစ်သည်။

ဖုန်းလိုင်းနှင့် အင်တာနက် မရခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၊ ပြည်မက ရေကြီးရေလျှံသတင်းများကို မသိရကြောင်း မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းဒေသခံတစ်ဦးက ပြောသည်။

” မုန်တိုင်းရှိတယ်၊ ရေကြီးမယ်ဆိုတဲ့ သတင်း လုံးဝ မသိရဘူး။ ဖုန်းလိုင်းလည်းမရ၊ အင်တာနက်ကလည်းမရ၊ ဒီမှာ မိုးကတော့ တအားရွာတယ်။ ဒီနေ့တော့ နေပူနေတယ်။ ၃-၄ ရက်က ဆက်တိုက်ရွာခဲ့တာ။ ပထမတစ်ခေါက် ရေးကြီးပြီးသွားပြီလေ။ အခုကြောင့် မိုးများပြီးတော့ ရေတက်လာလည်းဆိုတာ မသိရဘူး။ ရွာပြင်ထွက်၊ တောင်ပေါ်တက်မှ ဖုန်းလိုင်းရတော့ မုန်တိုင်းရှိတယ်ဆိုတဲ့အကြောင်း သိခဲ့ရတာ။ ဘာသတင်းတွေမှာလည်း မဖတ်ရဘူး။ အကုန်လုံးက မျက်စိပိတ် နားပိတ်ဖြစ်နေတယ်။ ” ဟု ပြောသည်။

ဖုန်းလိုင်းမရရှိသည့် အခြေနေနှင့်ပတ်သက်၍ မင်းပြားတွင် လတ်တေလာနေထိုင်နေသူ ဒေသခံတစ်ဦးက ယခုကဲ့သို့ပြောသည်။

“ဖုန်းဆက်မယ်ဆိုရင် ဖုန်းလိုင်းမိနိုင်တဲ့ အမြင့်နေရာတွေကို သွားရတယ်။ ကိုယ့်ဖက်က ဆက်မှပဲရပါတယ်။ ကျန်တဲ့သူတွေ ဆက်လာရင် မရဘူး။ ဖုန်းလိုင်းမရတော့ အစအစအရာရာ ဒုက္ခများတာပေါ့။ စီးပွားလုပ်ဖို့လည်း မဆင်မပြေ၊ လူမှုရေးလုပ်ဖို့လည်း အဆင်မပြေနဲ့ တော်တော်အခက်တွေ့ရတယ်” ဟု ပြောသည်။

ဖုန်းလိုင်းများပြတ်တောက်မှုမှာ AA နှင့် စစ်ကောင်စီတပ်တို့၏ ဒုတိအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားစဥ်က တိုက်ပွဲဖြစ်ပွားသည့်ဒေသတိုင်း၌ ဖုန်းလိုင်းများပြတ်တောက်ခဲ့ရာမှ အဆိုပါဒေသများတွင် လက်ရှိအချိန်ထိ ဆက်လက်ပြတ်တောက်မှုရှိနေသေးခြင်းဖြစ်သည်။

ဖုန်းလိုင်းပြတ်တောက်နေဆဲဖြစ်သည့် ချင်းပြည်နယ် ပလက်ဝမှ ဒေသခံတစ်ဦးကလည်း ကြာရှည်ဖုန်းလိုင်းပြတ်တောက်နေမှုမှာ ဆိုးရွားကြောင်းဆိုသည်။

“ကျနော်အခု ကျောက်တော်ဘက်ရောက်နေလို့ ဖုန်းဆက်လို့ ရနေတာပါ။ ပလက်ဝပြန်ရင် ရှေးခေတ်ထဲ ပြန်ရောက်သွားသလိုပဲ စာပေးစာယူပဲ ရတော့မယ်။ ပလက်ဝက ကုန်စျေးတွေက ဒီဘက်ကထက်တော့ ကျပါတယ်။ ဖုန်းလိုင်းအဆင်မပြေတာကြောင့်ပဲ ခက်ခဲနေကြရတာ။ ငွေရေးကြေးရေး ထုတ်ရတဲ့အပိုင်းတွေမှာ ပိုခက်ခဲကြတယ်။ အရေးအကြောင်းဆို ကျောက်တော်ကိုလာပြီး ဖုန်းဆက်ကြရတယ်။ လမ်းခရီးကလည်းအရင်လို ကျပ်ငွေထောင်ဂဏန်းလောက်နဲ့ လာလို့မရတော့ ကုန်ကျစရိတ်တွေ ပိုများကြရတယ်” ဟု ပြောသည်။

ဖုန်းလိုင်းပြတ်တောက်နေသည့် ဒေသများအပြင် ဖုန်းလိုင်းရရှိသည့်ဒေသများတွင်လည်း အချိန်ပြည့် ဖုန်းလိုင်းရခြင်းမျိုးမဟုတ်ဘဲ မကြာခဏ ပြတ်တောက်မှုရှိကြောင်း သိရသည်။

လက်ရှိ ဖုန်းလိုင်းပြတ်တောက်နေသည့် ဒေသများမှာ လွတ်မြောက်နယ်မြေများ၊ လတ်တလောတိုက်ပွဲဖြစ်ပွားပြီး ဒေသများနှင့် တိုက်ပွဲဖြစ်ပွားနေဆဲ ဒေသများပါဝင်ပြီး ဖုန်းလိုင်းအပြင် အင်တာနက်လိုင်းပြတ်တောက်မှုမှာမူ တပြည်နယ်လုံးနီးပါး ပြတ်တောက်လျှက်ရှိနေခြင်းဖြစ်သည်။

အားကောင်းသော မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင်၊ ချင်း၊ မကွေးတို့တွင် မိုးကြီးနိုင်

0

အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှ မနက်ဖြန်နေ့အတွင်း မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက သတင်းထုတ်ပြန်သည်။

ယနေ့ ၁၂ နာရီ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာရွေ့လျားခြင်း မရှိဘဲ ဆက်လက်တည်ရှိ နေသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မိုးရွာနိုင်ကြောင်း ဆိုသည်။

ယင်းအပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီးမိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း ဆိုသည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်မှာ ၆ ပေမှ ၈ ပေခန့်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် ရှိနိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုဖို့ အသိပေးထားသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် (၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွား နိုင်သည်ဟု ခန့်မှန်းရကြောင်း ဆိုသည်။

အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမည်ဟု AA ပြော

0

စစ်ရှောင်ပြည်သူများ၏ အဖိုးတန်ပစ္စည်းများဖြစ်သော ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများနှင့် ဆိုင်ကယ်၊ ကား စသည့် ပစ္စည်းများ ယူထားသော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို အရေးယူအပြစ်ပေးသွားမည်ဟု AA က ထုတ်ပြန်ထားသည်။

တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့သည် လုပ်ပိုင်ခွင့်၊ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူမည်ဟု AA က ဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညက ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းများကို ယူထားကြသည်ကို ဓါတ်ပုံနှင့်တကွ AA က ဖော်ပြခဲ့သည်။

ULA/AA အစိုးရသည် ခိုးမှုများကို ကျူးလွန်ခဲ့သောသူများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ထင်ရှားသူများကို ထိုက်တန်သောအပြစ်များဖြင့် အရေးယူထားကြောင်း ဆိုသည်။

ခိုးယူထားသော ပစ္စည်းများကို ပြန်လည်သိမ်းဆည်းကာ ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ပေးအပ်ထားကြောင်းနှင့် မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကိုလည်း ဆက်လက် စစ်ဆေးနေသည်ဟု သိရသည်။

ဂွမြို့နယ် ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများမှ ဝှက်ထားခဲ့သည်ကို AA တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့သောကြောင့် အဆိုပါ ပစ္စည်းများအားလုံးကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီးဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

မိဘပြည်သူများအနေဖြင့်လည်း မိမိတို့အိမ်တွင် အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို ဝှက်ထားခဲ့ပါက ရှာဖွေနိုင်ရန်နှင့် ဝှက်ထားခဲ့သောပစ္စည်း တွေ့ရှိခြင်းမရှိပါက ULA/AA ၏ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူးများထံ တိုင်ကြားနိုင်သည်ဟု သိရသည်။

ULA/AA သည် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမည်ဟု AA က ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်လည်း ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမည်ဟု ဆိုသည်။