Western News
Homeစီးပွားရေးရခိုင်ပို့မည့် ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်များ၏တန်ဖိုး ကျပ်သိန်း နှစ်သောင်းကျော် အလိမ်ခံရ

ရခိုင်ပို့မည့် ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်များ၏တန်ဖိုး ကျပ်သိန်း နှစ်သောင်းကျော် အလိမ်ခံရ

ဆေးဝါးများ၊ အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီများ ပြတ်လပ်နေသော ရခိုင်ပြည်ကို ပို့မည့် ကုန်စည်များ၏တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းကျော် လိမ်လည်ခံရကြောင်း အလိမ်ခံရသည့် ကုန်သည် ၃၈ ဦးထံမှ သိရသည်။

စစ်တွေမြို့ ဘီလူးမတံတားအနီး နေထိုင်သူ ဦးညီပု (ခေါ်) အောင်မြင့်စိုးနှင့် ဇနီးဖြစ်သူက ကုန်သည် ၃၈ ဦး၏ ကုန်ပစ္စည်းများကို ရခိုင်ပို့ပေးမည်ဟု ကတိခံကာ လိမ်လည်သွားခြင်းဖြစ်ကြောင်း အလိမ်ခံရသူထဲပါဝင်သူ မြောက်ဦးဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

“အကွက်ကျကျကို လိမ်လည်သွားတာ။ ပထမ သန်းသန်းစိုးဆိုတဲ့ အမျိုးသမီးတစ်ဦးကနေ ရခိုင်ကို ကုန်ပို့ကြမယ့် ကုန်သည်တွေကို စည်းရုံးတယ်။ အဲဒီအမျိုးသမီးက သူ့မှာလည်း မြေပုံမြို့နယ် ကမ်းထောင့်ကြီးကို ကုန်ပို့မယ်ပေါ့။ ရခိုင်ကို ပို့ကြမယ့် ကုန်သည်တွေ ဦးညီပုဆီမှာ အပ်လို့ ရတယ်ပေါ့။ ဦးညီပုက တောင်ကုတ်မြို့အထိ ပို့ပေးမယ်။ အဲ့ဒီက တစ်ဆင့် ကိုယ့်ပစ္စည်း ကိုယ်ယူကြပေါ့။ ဒါပေမယ့် ၃ လလောက်ကြာသွားတယ်။ ကုန်ပစ္စည်းက အခုထိ မပို့ရသေးဘူး” ဟု ပြောသည်။

ကုန်သည် ၃၈ ဦးမှာ ပစ္စည်းများဝယ်ယူပြီး ရခိုင်ကို ပို့ပေးမည်ဟု တာဝန်ခံသော ဦးညီပု၏ ရန်ကုန်မြို့ ဘုရင့်နောင်ကားဂိတ်ရှိ ဂိုဒေါင်သို့ တန်ဆာခ တစ်ပိဿာကို ကျပ် ၅,၀၀၀ နှုန်းဖြင့် ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိသော ကုန်ပစ္စည်းများကို အပ်နှံခဲ့ကြသည်။

အပ်နှံကာလမှာ အချို့ကုန်သည်က ၂၀၂၄ ခုနှစ် မေလအတွင်းက စတင်အပ်နှံသူများရှိသလို ဇွန်လ၊ ဇူလိုင်လတို့တွင်လည်း အပ်နှံသူများရှိပြီး လက်ရှိတွင် ဦးညီပု (ခေါ်) အောင်မြင့်စိုးက အဆိုပါ ကုန်ပစ္စည်းများအားလုံးကို အခြားတစ်ဦးထံ ရောင်းချကာ ထွက်ပြေးသွားပြီဟု အလိမ်ခံရသူထဲပါဝင်သူ ကျောက်တော်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

“ဇူလိုင်လတုန်းက ကုန်ပစ္စည်းပို့တာ ကြာလို့ဆိုပြီး ဘုရင့်နောင်ဂိတ်ကို ကုန်သည်တွေက သွားကြတာ။ ဂိုဒေါင်မှာ ကုန်ပစ္စည်းက မရှိတော့ဘူး။ ဘယ်ရောက်သွားလဲမေးတော့ သင်္ဘောပေါ်ကို ချဖို့ ယူသွားတယ်လို့ ပြောတယ်။ နောက် ရက်နည်းနည်းစောင့်ပြီး ဦးညီပုကို သွားမေးတာ။ ကုန်တွေကို သင်္ဘောပေါ်သို့ တင်နေတယ်လို့ လိမ်တယ်။ နောက်မှ သိရတာ။ ကျနော်တို့ပစ္စည်းတွေ အင်းစိန်က ဂိုဒေါင်တစ်ခုမှာ ရှိနေတယ်ဆိုတာ။ သွားရှာကြည့်တော့ ဦးညီပုက ကုန်ပစ္စည်းအားလုံးကို ရောင်းခဲ့တာတဲ့” ဟု ပြောသည်။

ဦးညီပုကို ကုန်သည်များက ဖုန်းဆက်မေးသည့်အခါ ဖြေရှင်းပေးမည်ဟု ပြောဆိုပြီးနောက် ထွက်ပြေးသွားကြောင်းနှင့် ဇနီးဖြစ်သူကို ဆက်လက်မေးမြန်းရာ ဦးညီပု မည်သည့်နေရာတွင် ရှိနေခြင်း မပြောပြသည့်အပြင် သူမလည်း ထွက်ပြေးသွားပြီဟု ကုန်သည်များက ဆိုသည်။

ဦးညီပုဇနီးမောင်နှံ ထွက်ပြေးနေသည့်သတင်းကြောင့် ကြံရာအဖြစ်ပါဝင်ခဲ့သူ ကမ်းထောင့်ကြီးဒေသခံ ဒေါ်သန်းသန်းစိုးသည့် အမျိုးသမီးလည်း ထွက်ပြေးသွားပြီဟု သိရသည်။

ကုန်သည် ၃၈ ဦးမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကမ်းထောင့်ကြီး၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ ကုန်ပစ္စည်းများ ဖြန့်ဝေနိုင်ရန် ရန်ကုန်တွင် စီစဉ်ခဲ့ကြစဉ် ဦးညီပုက အခြားကုန်သည်တစ်ဦးအား ရောင်းချခဲ့၍ အဆိုပါပစ္စည်းများမှာ အခြားတစ်ယောက် အပိုင်ဖြစ်သွားပြီဟု သိရသည်။

ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းကျော်၊ တန်ဆာခ ကျပ်သိန်း ၅ ထောင်ကျော်နှင့် ဆီ (စက်သုံးဆီ၊ စားသုံးဆီ) ဝယ်ယူရန် ယူထားသောငွေ ကျပ်သိန်း ၆ ထောင်ကျော် စုစုပေါင်း ကျပ်သိန်း နှစ်သောင်းကျော်ကို ဦးညီပုက လိမ်လည်သွားခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

လက်ရှိတွင် ဦးညီပုဇနီးမောင်နှံနှင့် ဒေါ်သန်းသန်းစိုးအား ဖမ်းဆီးရန် လိုက်လံရှာဖွေနေကြောင်းနှင့် ရန်ကုန်မြို့က ရဲစခန်းတစ်ခုတွင်လည်း အမှုဖွင့်လှစ်ထားကြောင်း ကုန်သည် ၃၈ ဦးက ဆိုသည်။

ဦးညီပုလိမ်လည်သွားသော ကုန်ပစ္စည်းများမှာ ဆေးဝါးများ၊ အခြေခံစားသောက်ကုန်များ၊ အဝတ်အထည်များ၊ ထီးများ၊ ဆီများ (စက်သုံးဆီ၊ စားသုံးဆီ)၊ မိုးကာ၊ တာလပတ် စသည့် အခြေခံလူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ဦးညီပု (ခေါ်) အောင်မြင့်စိုးသည် ယခင်က စစ်တွေမြို့ကနေ ကုန်ပစ္စည်းများကို ရန်ကုန်နှင့် ကုန်သွယ်မှု နောက်ခံရှိခဲ့သလို ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း ကုန်သွယ်မှုပြုလုပ်ခဲ့၍ ကုန်သည် ၃၈ ဦးမှာ ယုံကြည်ပြီး ကုန်ပစ္စည်းများကို ရခိုင်ပို့ပေးရန် အပ်နှံခဲ့ကြကြောင်း ပြောဆိုထားကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular