Western News
Homeနိုင်ငံရေးစစ်တွေ ရွှေပြားနှင့်တရားသီးစု ရပ်ကွက်က ဒေသခံ ၁၅၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးသွား

စစ်တွေ ရွှေပြားနှင့်တရားသီးစု ရပ်ကွက်က ဒေသခံ ၁၅၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးသွား

ရခိုင်ပြည် စစ်တွေမြို့ ရွှေပြားရပ်ကွက်က အပြစ်မဲ့အမျိုးသား ၁၀၀ ကျော်နှင့် တရားသီးစုရပ်ကွက်က အမျိုးသမီးအပါအဝင် အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် နေ့လယ်တွင် ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ရွှေပြားရပ်ကွက်တွင် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖမ်းဆီးခြင်းနှင့် လမ်းသွားလမ်းလာများပါ ဖမ်းဆီးပြီး ကား ၅ စီးဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ် မြို့ခံတစ်ဦးက ပြောသည်။

” နေ့လယ် ၄ နာရီ ဝန်းကျင်လောက်မှာ သူတို့ကားနဲ့ ရောက်လာကြတယ်။ ဖမ်းတာက ခြေကျင်လျှောက်ပြီးဖမ်းကြတာ။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းတယ်။ တစ်နေရာရာမှာထိုင်ပြီး တွေ့ရင်လည်း ဖမ်းသွားတယ်။ နေအိမ်တွေကိုလည်း ဝင်ဖမ်းတယ်။ တွေ့တဲ့လူ ဒီအတိုင်းဖမ်းသွားတာပဲ” ဟု ပြောသည်။

ရွှေပြားရပ်ကွက်ကဲ့သို့ တရားသီးစုရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကား ၃ စီးဖြင့် ရောက်ရှိလာပြီး ဒေသခံပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသည့် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“တစ်ရပ်ကွက်လုံးနီးပါး ပါသွားပါတယ်။ အဖမ်းခံရတာက အမျိုးသားတွေများတယ်။ အမျိုးသမီးလည်းပါသွားတယ်။ အမျိုးသမီး ၆ ယောက်လောက်တော့ ရှိမယ်။ အခုအဆက်သွယ်လည်းမရသေးဘူး။ ရဲစခန်းမှာရှိမယ်လို့တော့ ခန့်မှန်းရပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ သင်္ဘောဆိပ်ကမ်းရှိ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အမှတ် ၁ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ” ဘာမှတောင် မပေးဘူးလို့ သိရတယ်။ ကားပေါ်တက်ဆိုပြီး ဖမ်းသွားတာပဲ။ ထွက်ပြေးတဲ့သူတွေကို ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်။ ဘာကြောင့်ဖမ်းတာလဲ တစ်ယောက်မှ မသိရဘူး။ တိုက်ပွဲမဖြစ်သေးတော့ ရန်ကုန်မှာ စစ်ရှောင်နေသူတွေ ပြန်လာကြတယ်။ အဲဒီသူတွေလည်း ပါသွားတယ်။ စစ်တွေမြို့က မင်းမဲ့စရိုက်ဖြစ်သွားပါပြီ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းချင်သလိုဖမ်း၊ လုပ်ချင်သလိုလုပ်နေပါတယ်။ ” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့ကလည်း စစ်တွေမြို့ ကုန်တန်းနှင့် အောင်မင်္ဂလာရပ်ကွက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်လာပြီး မွတ်ဆလင် ၂၄ ဦးကို ရိုက်နှက်ဖမ်းဆီး သွားခဲ့သည်။

အာရက္ခတပ်တော် AA နှင့် ဆက်သွယ်သည်ဆိုပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် စစ်တွေမြို့အနီးရှိ ဗျိုင်းဖြူကျေးရွာက အမျိုးသား ၂၃၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြောင်းမဲ့ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံခြင်းနှင့် ငွေညှစ်ခံခြင်းများကို စစ်တွေမြို့ပေါ်အခြေစိုက် ရခိုင်လက်နက်ကိုင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့က လက်ပိုက်ကြည့်နေ၍ ရခိုင်ပြည်သူများအတွက် အားကိုးမရသော တော်လှန်ရေးအဖွဲ့ဟု ပြစ်တင်ပြောဆိုနေကြသည်။

ဗျိုင်းဖြူကျေးရွာသား ၁၀၀ ခန့်အား သတ်ဖြတ်ခြင်းနှင့် ၂၃၀ ကျော်ကို ဖမ်းဆီးထောင်ချခြင်းတွင် ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် အလိုတူအလိုပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း AA နှင့် ရခိုင်ပြည်သူများက ပြောဆိုထားကြသည်။

ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ၏ ခန့်မှန်းစာရင်းအရ တကျော့ပြန်တိုက်ပွဲအတွင်း စစ်တွေမြို့ရှိ ဒေသခံပြည်သူ ၁၅၀၀ ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ပြန်လည်လွတ်မြောက်လာသူ ၃၀၀ တောင်မရှိသေးကြောင်း သိရသည်။

ပြန်လည်လွတ်လာသူအများစုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား ငွေပေးပြီး ပြန်လွတ်လာခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးနေ၍ စစ်တွေမြို့ခံအများစုမှာ ရန်ကုန်သို့ စစ်ရှောင်နေကြကြောင်း သိရသည်။

စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ဌာနချုပ်များကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက် စစ်ရေးတင်းမာနေကြပြီး ဩဂုတ်လ နောက်ဆုံးအပတ်က ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြသေးသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular