Western News
Homeဆောင်းပါးခေါင်းလောင်းထိုးသံ မညံလေတော့ …

ခေါင်းလောင်းထိုးသံ မညံလေတော့ …

မုတ်သုန်လေနှင့်အတူ ဘယ်ညာယိမ်းက နေသောမြစိမ်းရောင် စပါးခင်းများက မိုးရာသီနှင့်အညီကြည့်ကောင်း နေသည်။ ယင်းအထဲတွင် တီချပ်အမဲနှင့် အားကစား ဘောင်းဘီတို အနီကိုဝတ် ထားပြီး ရွှံ့ပေကျံနေသည့် လူ ငယ်တစ်ဦး ပျိုးနှုတ်ကောက်စိုက်အလုပ်နှင့် နပန်းလုံးနေသည်။

“ကျောင်းမတက်ရတော့ မိဘလုပ်ငန်းခွင်ကို ဝင်ကူရတာ။ မလုပ်ချင်လုပ်လည်း မတတ်နိုင်တော့ လုပ်ရတာပဲ” ဟု ရွှံ့စက်ပေကျံနေသည့် မျက်နှာကို လက်နှင့် ပွတ်သိပ်ရင်း Western News ကို ပြောနေရှာသည်။ “နွားကျောင်း လယ်ထွန် ပျိုးစိုက်တယ်။ ကွမ်းခင်းမှာ ဝင်ကူတယ်။ ကျနော် မကူရင် သိတဲ့အတိုင်းပဲ ဒီကာလမှာ စားဝတ်နေရေး က မလွယ်ဘူး” ဟု ခပ်တည်တည်မျက်နှာထားနှင့် မရယ်၊ မပြုံးနိုင်ပြောသည်။

ထိုလူငယ်မှာ မောင်ခိုင်လင်းဖြစ်သည်။ သူသည် ကျောက်တော်မြို့နယ်ဇာတိဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် Grade -12 (၁၂ တန်း) ကျောင်းသားဖြစ်သည်။ သူ၏ မိဘများမှ ဆင်းရဲပြီး သာမန် လယ်သမားများသာဖြစ်သည်။

မောင်ခိုင်လင်းမှာ ပြီးခဲ့သည့် (၂၀၂၃- ၂၀၂၄ ပညာသင်နှစ်) က Grade-12 တက္ကသိုလ်ဝင်တန်း အတန်းတင် စာမေး ပွဲကြီးကို ဖြေဆိုခွင့်မရခဲ့ပေ၊ ယခု နှစ်တွင်လည်း စာသင်ခန်းဝင်ရမည့်အစား လယ်ကွင်းထဲတွင် အချိန်ကုန်နေခြင်း ဖြစ်သည်။

အတန်းတင် စာမေးပွဲဖြေဆိုရန် အင်တိုက်အားတိုက် ကြိုးစားကျက်မှတ်ခဲ့သည့် သင်ခန်းစာများမှာ သဲထဲရေသွန် ဖြစ်ချေခဲ့ပြီ။ မောင်ခိုင်လင်းနည်းတူ လွတ်လပ်စွာ ပညာသင်ယူခွင့်ဆုံးရှုံးနေသူများထဲတွင် ရခိုင်မြို့နယ်အနှံ့က အ ခြေခံပညာအဆင့်မှ တက္ကသိုလ်‌ကျောင်းသားများ အထိရှိနေသည်။

■ အလျှံညီးညီး ရခိုင်စစ်မီး

၂၀၂၃ နိုဝင်ဘာလက စတင်ခဲ့သည့် ရခိုင်ဒေ စစ်အာဏာရှင်တိုက်ထုတ်ရေး စစ်မီးသည် မြို့ရွာအနှံ့ကူး စက် လောင်ကျွမ်းနေသည်မှာ ၁၀ လ နီးပါး ကြာမြင့်လာနေသည်။ လက်ရှိတွင် ရခိုင်နှင့် ပလက်ဝ မြို့နယ် ၉ ကို AA ထိန်းချုပ်ထားပြီး မောင်တောနှင့် သံတွဲမှာလည်း မကြာမီ သိမ်းပိုက်နိုင်တော့မည့် အနေအထားရှိနေသည်။
တိုက်ပွဲအကျိုးဆက်ကြောင့် မြို့ပြကျေးလက်မကျန် ပြည်သူ ၆ သိန်းကျော်မှာ နေရပ်စွန့်ခွာနေရပြီး တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်လူငယ်များမှာလည်း စာသင်ခန်းပြင်ပသို့ ရောက်ရှိသွားကာ ပညာရေးလမ်း တစ်ခန်းရပ်နေ ပေသည်။
ရခိုင်မြို့နယ် ၁၇ ခုရှိသည့်အနက် စစ်တွေနှင့်၊ မာန်အောင်ကလွဲပြီး ကျန်မြို့နယ်များတွင် ခေါင်းလောင်း သံတိတ် ကျောင်းကြီး ပိတ်ထားကြရသည်။ ယင်းအထဲတွင် စစ်တွေမြို့ပေါ်၊ ကျောက်ဖြူမြို့ပေါ်လောက်သာ အခြေခံပညာ ကျောင်းဖွင့်ပြီး ကျေးရွာများတွင် စစ်ဘေးရှောင်နေကြရပေသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်းကလည်း တိုက်ပွဲပြင်းထန်မှု၊ စစ်ကောင်စီကလမ်းခရီးပိတ် ဆို့ထားမှုကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်များက အခြေခံ ပညာစာသင်ကျောင်း အများစုတွင် အတန်းတင်စာမေး ပွဲကြီးဖြေဆိုသူ နည်းပါးခဲ့သည်။
ယင်းကြောင်း ကျောင်းသား၊ ကျောင်းသူ အများစုမှာ တစ်နှစ်တာ ပညာသင်ကာလ ဆုံးရှုံးခဲ့ကြရသည်။ ထိုအထဲမှ အခြေခံပညာအထက်တန်းအဆင့် Grade-12 ကျောင်းသားများမှာ အများဆုံးနစ်နာမှုရှိကြသည်။

“ ကျနော် စာတွေ အရမ်းကြိုးစားကျက်ခဲ့တာ။ စာမေးပွဲဖြေဖို့ စစ်တွေသွားဖို့လုပ်တော့ လမ်းပိတ်ထားတာကြောင့် မသွားလိုက်ရဘူး။ ကျနော် ဖြေခဲ့ရရင် လုံဝအောင်မယ်လို့ ယုံကြည်တယ် ” ဟု မောင်ခိုင်လင်းက စာမေးပွဲ မဖြေဆို လိုက်ရခြင်းအပေါ် အားမရှာပေ။
လုံခြုံရေးအခြေနေကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်များမှ ၁၂ တန်းကျောင်းသားများကို စစ်ကောင်စီက စစ်တွေ တွင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာနဖွင့်လှစ်ခဲ့သော်လည်း တစ်ဖက်တွင် လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကျောင်း သားများ မသွားနိုင်ခဲ့ကြပေ။

■ ခက်ခဲကြမ်းတမ်း ပညာရေးလမ်း


၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် ရခိုင်တစ်ပြည်နယ်လုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (၁၂ တန်း) ဝင်ရောက် ဖြေ ဆိုမည့်သူ ၁၈၉၃၄ ဦးရှိရာမှ ၈၆၄၄ ဦးသာ ဝင်ရောက်ဖြေဆိုနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး စာရင်း အရ သိရသည်။ ကျောင်းသားဦးရေ တစ်သောင်းကျော်မှာ စာမေးပွဲမဖြေဆိုခဲ့ရပေ။

ရခိုင်တစ်ပြည်လုံးတွင် အခြေခံပညာ အထက်တန်းကျောင်း ၄၈၀ ကျော်၊ အလယ်တန်းကျောင်း ၁၁၇၁ နှင့် မူလ တန်းကျောင်း ၁၅၃၀ ကျော် စုစုပေါင်း စာသင်ကျောင်း ၃၁၀၀ ကျော်ရှိကြောင်းသိရသည်။ လက်ရှိတွင် အဆိုပါ ကျောင်းများထဲမှ ၂၀ ရာခိုင်နှုန်းသာ စာသင်ကျောင်းများ ဖွင့်ထားနိုင်မှုရှိထားပြီး ယင်းမြို့ နယ်များတွင် စစ်ရေး ပြင်းလာသည်နှင့် ပိတ်ထားရမည့် အနေအထားရှိနေကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

“ အခု ကျောင်းဖွင့်ထားတာက စစ်တွေနဲ့ မာန်အောင်ပဲ ရှိမယ်။ စစ်တွေမှာလည်း ရွာတွေမှာ ပိတ်ထားပြီး မြို့ပေါ် လောက်ပဲဖွင့်တာ။ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်လည်း မြို့ပေါ်လောက်ပဲ နယ်ဖက်ရွာတွေက ထွက်ပြေးနေကြ တာရှိတယ်။ အခုဆိုရင် ဂွမှာစစ် ဖြစ်နေပြီ။ တိုက်ပွဲဖြစ်လာရင် ကျောင်းပိတ်ရအုံးမှာ။ စစ်မဖြစ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ ” ဟု မြောက်ဦးမြို့နယ်မှ အထက်တန်းပြ ဒေါ်ချိုချိုက ပြောသည်။

လတ်တတွင် ရခိုင်ပြည်နယ်တွင် မြို့နယ်အသီးသီး၌ စစ်ဘေးရှောင်ဦးရေ ၅ သိန်းနှင့် ၆ သိန်းကြား ရှိနေကြောင်း AA ထုတ်ပြန်ချက်က ဆိုသည်။ ယင်းအထဲတွင် ကျောင်းသား ၃၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း စစ်ဘေးရှောင် အရေး ကူညီနေသည့် အဖွဲ့အစည်း တာဝန်ရှိသူတို့က ခန့်မှန်းကြသည်။

“ ပညာသင်ရမယ့် အချိန်မှာ ကျောင်းမတက်ရတော့ ကလေးတွေက စိတ်လွှင့်သွားကြတယ်။ အဖော်တွေနဲ့ ဟေး လားဝါးလား လျှောက်သွားကြ။ ဖုန်းကြည့်ပြီးတော့ အချိန်ကုန်နေတယ်။ ဒါကြောင့် လယ်အလုပ်ကို မခိုင်းချင်ဘဲ ခိုင်းနေရတာ။ သားလေးကိုလည်း သနားတယ်။ ပညာတတ်ကြီးဖြစ်စေချင်တာတော့ အမှန်ပဲ ” ဟု မောင်ခိုင်လင်း မိခင် ဒေါ်မသိန်းက အားမလိုအားမရ ပြောသည်။

ထို့အတူ မောင်ခိုင်လင်း အစ် မနှစ်ဦးမှာလည်း တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူများဖြစ်ကြပြီး လက်ရှိတွင် ကျောင်းမတက်ရတော့ပေ။ ယင်းကြောင့် ကျေး ရွာအတွင်း မူလတန်းကလေးများကို ကျူရှင်သင်ပေးနေကြောင်း ဆိုသည်။

ရခိုင်တစ်ပြည်လုံး မြို့သိမ်းတိုက်ပွဲများ အဟုန်မြင့်နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရမှုသဖြင့် AA ရ ထားသည့် လွတ်မြောက်နယ်မြေများတွင် ကျောင်းမဖွင့်နိုင်သေးပေ။ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စစ် ကောင်စီ၏ လေကြောင်း အန္တရာယ်နှင့် လုံခြုံရေးအခြေအနေကြောင့် ကျောင်းမဖွင့်နိုင်ဟု ဇွန်လ သတင်းစာ ရှင်း လင်းပွဲတွင် ပြောဆိုခဲ့သည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှ ဇွန်လ ၈ ရက်နေ့အထိ စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှု ကြောင့် အရပ်သား ၃၁၉ ဦးသေဆုံးကာ နေအိမ် အဆောက်အအုံ ၈၅၀၀ ကျော်ပျက်စီးခဲ့ရပြီး ယင်းအထဲတွင် စာသင်ကျောင်း ၁၉ ကျောင်းပါဝင်ကြောင်း ဦးခိုင်သုခက ရှင်းပြသည်။

သို့သော်လည်း ပညာရေး အသိုင်းဝိုင်းက ထွက်လာသည့် သတင်းများအရ လက်ရှိတွင် ULA တာဝန်ရှိသူများက မိမိတို့ ထိန်းချုပ်နယ်မြေများတွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်သင်ကြားရန် စီစဉ်နေကြောင်း သိရပြီး မည်သို့မည်ပုံ ဆောင်ရွက်သွားမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

■ တစ်ရွာပြောင်း ကျောင်းသားများ

လက်ရှိ အခြေအနေတွင် ရခိုင်ကငွေကြေးတတ်နိုင်သူ တစ်ချို့မိဘများမှာလည်း သားသမီးများကို အခြား ဒေသ များသို့ ပြောင်းရွေ့ ပညာသင်ကြားကြသည်။
ထိုအထဲတွင် မြောက်ဦးမြို့နယ် အထက ၁ မှ ရန်ကုန် မှော်ဘီသို့ ကျောင်းပြောင်းခဲ့သူ Grade-12 ကျောင်းသား တစ်ဦး၏ မိခင်ဖြစ်သူက “ သူ့ကို အရဲစွန့်ပြီး ကျောင်း ပြောင်းဖြစ်ခဲ့တာပါ။ မနှစ်ကလည်း စားမေးပွဲ မဖြေလိုက် ရတော့ တစ်နှစ်လုံး အချိန်တွေက အလကား ဖြစ်သွားတယ်လေ။ ဒီနှစ်လည်း ဒီအတိုင်းပဲဆိုရင် သူက စိတ်လေပြီး လမ်းမှား ရောက်မှာ စိုးရိမ်လို့။ ကျောင်းပြောင်းတာကလည်း ငွေကြေးရေး အဆင်ပြေတာတော့ မဟုတ်ပါဘူး ” ဟု ပြောသည်။

ထိုနည်းအတူ အခြားကျောင်းသားမိဘ တစ်ချို့မှာလည်း သားသမီးပညာရေးအတွက် ရန်ကုန်နှင့် ပြည်မမြို့များသို့ ထွက်ခွာရန် ဆန္ဒရှိသော်လည်း စစ်ကောင်စီက ရေလမ်း၊ ကုန်းလမ်းပိတ်ထားသဖြင့် သွားလာရေး အဆင်မပြေ ကြောင်း မင်းပြားမြို့မှ ကျောင်းသားမိဘ တစ်ဦးကပြောသည်။

ကျောင်းပြောင်းကြသည့်ထဲတွင် အထက်တန်းအဆင့် ကျောင်းသားများအပြင် တက္က သိုလ်ကျောင်းသားများလည်း ပါဝင်သည်။
ယခုနှစ်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေရှိ တက္ကသိုလ်ကျောင်းများတွင် ‌ကျောင်းတက်သူမှာ ၁ ရာခိုင် နှုန်းသာရှိကြောင်း တက္ကသိုလ် ဆရာမတစ်ဦးကပြောသည်။

“ ဒေသ မတည်ငြိမ်တာကြောင့် ကျောင်းလာမတက်နိုင်သူတွေများကြတယ်။ ပြီးတော့ ကျောင်းပြောင်းတဲ့သူတွေ လည်းများတယ်။ အခု တက္ကသိုလ်တွေမှာ စာသင်ခန်းတစ်ခန်းမှာ တစ်ယောက်စ နှစ်ယောက်စ လောက်ပဲရှိတယ် ” ဟု စစ်တွေ တက္ကသိုလ်က ဆရာမတစ်ဦးက ပြောသည်။

သို့သော်လည်း မူလတန်းနှင့် အလယ်တန်းအဆင့်ကျောင်းသားများကို မိမိကျေးရွာ၊ ရပ်ကွက်များတွင် ကျူရှင် စနစ် ဖြင့်သင်ကြားလျှက်ရှိနေသည်။ သို့သော်လည်း ဆရာ/မ အများစုမှာ အထက်တန်းအဆင့်နှင့် တက္ကသိုလ်တက်နေ သူများဖြစ်သဖြင့် မိဘများက သားသမီးပညာရေးအတွက် သင်ကြားမှုပိုင်း အားမရကြပေ။

ယခု ပညာသင်နှစ်အတွင်း ရခိုင်အနှံ့ကျောင်းတက်နေသည့် ဦးရေကို မသိရသေးပေ။ ရခိုင်ပြည်နယ် ပညာရေးမှူး နှင့် တာဝန်ရှိသူများထံ Western News က မေးမြန်းရန်ကြိုးစားနေဆဲဖြစ်သည်။ သို့သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇွန် ၂၄ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲ အခမ်းအ နား မိန့်ခွန်းတွင် ယခုနှစ် ဇွန်လ ၂၁ ရက်နေ့အထိ တစ်နိုင်ငံလုံး ကျောင်းအပ်နှံသူ ၇ ဒသမ ၃ သန်းကျော်ရှိကြောင်း ပြောခဲ့သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉ ကနေ ၂၀၂၂ တိုက်ပွဲများကာလအတွင်းကလည်း စာသင်ကျောင်းများ ပိတ်ရခြင်း၊ စစ် ဘေးရှောင်နေရခြင်း၊ လုံခြုံရေး စိုးရိမ်မှုအပြင် မိသားစု အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကျောင်းထွက် သွားသည့် ကလေးများစွာရှိကြောင်းလည်း ပညာရေးကို အထောက်ပံ့ပေးနေသည့် INGO/ NGO အသိုင်းဝိုင်းက သိရသည်။

“ စာရင်းအတိကျ မပြုစု လုပ်နိုင်ခဲ့ဘူး။ ပြောနိုင်တာကတော့ ကျောင်းထွက်လိုက်ရတဲ့ ကလေးအများ ပြားရှိ တယ် ဆိုတာပဲ ” ဟု ပညာရေးကို ထောက်ပံ့ပေးခဲ့သည့် ရခိုင် NGO အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

■ အနာဂတ်အရေး တွေးပူစရာ

ISP Myanmar ၏ ပညာရေး သုတေသနမှတ်တမ်းအရ မြန်မာနိုင်ငံတွင် အာဏာသိမ်း ၃ နှစ် ကျော်ကာလ အတွင်း နိုင်ငံတစ်ဝန်းက ကျောင်းသားဦးရေ ၈ သန်းကနေ ၁၁ သန်းထိ ပညာသင်ကြားခွင့်ဆုံးရှုံးနေကြောင်း ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်အတွင်း လူဦးရေသုံးသန်းကျော် (၃,၃၂၅,၁၁၆) ရှိသည်။ ယင်းအထဲမှ အသက် ၅ နှစ်နှင့် ၉ နှစ်အကြား လူဦးရေ နှစ်သိန်းကျော် (၂၂၆,၆၉၃) ဦးရှိပြီး ယင်းအထဲတွင် စာမတတ်သူရာခိုင် နှုန်း အားဖြင့် ၂၅ ရာခိုင်နှုန်း (၅၆,၄၈၁) ရှိခဲ့သည်။
ယင်းအထဲတွင် အသက် ၁၀ နှစ်နှင့် ၁၄ နှစ်ကြား လူဦးရေ နှစ်သိန်းကျော်မှာ (၂၃၈၆၇၃) စာမတတ်သူ ဦးရေ ၆ ရာ ခိုင်နှုန်းနှင့် အသက် ၁၅ နှင့် ၁၉ ကြား၊ လူဦးရေ နှစ်သိန်းနီးပါးတွင် စာမတတ်သူဦးရေ ၈ ရာခိုင်နှုန်းရှိကြောင်းဆို သည်။ ယင်းအပြင် အသက် ၂၀၊ ၂၄ ကြား လူဦးရေ တစ်သိန်းခွဲခန့်တွင် စာမတတ်သူ ဦးရေ ၁၀ ရာခိုင်နှုန်းရှိနေ သည် တွေ့ရသည်။

အခြားတစ်ဖက်တွင်လည်း တိုက်ပွဲလွန်ကာလ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးတွင် လူသားအရင်း မြစ်များ စွာလိုအပ်များနှင့်အတူ ပြည်သူများ စာတတ်မြောက်မှုလည်း လိုအပ်ပေသည်။ ယင်းကြောင်း ပြည်တွင်းတိုက်ပွဲ များ အချိန်ကြာကြာဖြစ်နေပါက ကလေးများ၏ အနာဂတ် ပညာရေး မျှော်မှန်းချက်၊ စိုးရိမ်ဖွယ်ရာရှိနေသည်။

“ ဒီအတိုင်းသာ ရခိုင်မှာ စစ်ပွဲတွေပြင်းထန်နေမယ်ဆိုရင် ကလေးတွေ အနာဂတ်မလွယ်ဘူး။ ဒီအတိုင်းရပ်နေရင် နောင်နှစ်တွေမှာ အသက်ကြီးပြီး ပညာအရည်အချင်း ဒီလောက်ပဲဖြစ်မယ်။ အသက်ကြီးမှ ဆက်တက်လို့ ဖြစ်နိုင် ပါ့မလား။ ဒီတော့ သိန်းဂဏန်းလောက်ရှိတဲ့ ကလေးတွေဟာ ဒီအတိုင်းကြီးပြင်းလာရင် ရခိုင်မျိုးဆက် ပြဿနာ ရှိ တယ် ” ရခိုင်မြို့နယ်တစ်ခုမှ အမည်မဖော်လိုသည့် မြို့နယ် အဆင့် ဒုပညာရေးမှူးတစ်ဦးက Western News ကို ပြောသည်။ ယင်းအပြင် ကိုဗစ်ရောဂါဖြစ်တုန်းကလည်း ရခိုင်တွင် ကျောင်း ၂ နှစ် နားလိုက်ရသဖြင့် ကလေးများပိုပြီး နစ်နာ ခဲ့ရကြောင်း ဆိုသည်။

ယင်းကြောင်း ရခိုင်ဒေသက ကလေးငယ်များ ပညာရေးအခွင့်အလမ်းမဆုံးရှုံးစေဖို့ ULA/AA တာဝန်ရှိသူများ အနေ ဖြင့် အလေးနက်စဉ်းစားပြီး ကောင်းမွန်သည့် ပညာရေ မူဝါဒ အစီစဉ်သစ်များချမှတ်ကာ လုပ်ဆောင်သင့်ကြောင်း အမည်ဖော်လိုသည့် ပုဏ္ဏာကျွန်းက ကျောင်းအုပ်ဆရာကြီးတစ်ဦး အကြံပြုသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ် အပိုဒ် ၂၈၊ ၂၉ တွင် “ ပညာရေး သည် ကလေးတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး အစွမ်းစများ ထွက်ပေါ်လာစေရန်၊ ကလေးများတွင် အရည်အ သွေးပြည့်မီသော ပညာသင်ကြားခွင့်၊ ကလေးများ၏ ဂုဏ်သိက္ခာကို လေးစားမှုရှိရမည် ” ဟုဆိုသည်။

ပညာရေးသည် ဆင်းရဲခြင်း၏ ထွက်ပေါက် ဆိုလျှင် တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် ဒုတိယ အဆင်းရဲဆုံးပြည် နယ်ကို ပညာရေးဖြင့် ပြုပြင်မွမ်းမံနိုင်ရမည်။ ယင်းကြောင့် ဂုဏ်သိက္ခရှိသော အနာဂတ်လူမှုအဖွဲ့အစည်းကို ထူ တောင်ရာတွင် ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော အာရက္ခနိုင်ငံတော်ကြီး တည်ဆောက်ရမည်။

“ ကျနော့် မိဘမှာက အမွေပေးစရာဆိုလို့ ပညာပဲရှိတယ်လို့ ခဏခဏပြော တယ်။ ကိုယ်တိုင်လည်း ပညာတတ် ကြီး ဖြစ်ချင်တာပါ။ ဒါကြောင့် ကျောင်းဖွင့်ရက်ကို မျှော်လင့်မိတယ်” ဟု မောင်ခိုင်လင်းက ပြောနေရှာတော့သည်။ နောက်ပြီးတော့ မောင်ခိုင်လင်းလို ကျောင်းပြင်ပရောက်နေရသည့် ရခိုင်ကလေးများ ဘယ်လောက်ရှိနေမလဲ မသိ နိုင်ပေ။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular